ရန်ကုန်မြို့ရှိ နိုက်ကလပ်နှင့်ဘားများ ယာယီပိတ်ကြောင်း ထုတ်ပြန်ထားကြ

By ကီရာ (မဇ္ဈိမ)
04 July 2023
ရန်ကုန်မြို့ရှိ နိုက်ကလပ်နှင့်ဘားများ ယာယီပိတ်ကြောင်း ထုတ်ပြန်ထားကြ
Photo - AFP

ရန်ကုန်မြို့ရှိ နိုက်ကလပ်နှင့်ဘားများကို  ယာယီပိတ်ထားကြောင်း ၎င်းတို့‌၏ လူမှုကွန်ရက် စာမျက်နှာများတွင် ဇူလိုင်လ ၃ ရက်နေ့က ရေးသားထားသည်ကို တွေ့ရသည်။
မည်သည့် အချိန်ထိ ပိတ်ထားမည်ဟု  ရေးသားထားခြင်းမရှိဘဲ ယာယီပိတ်ထားမည့်အကြောင်းနှင့် အချို့ ကလပ်များမှာ ဆိုင်အတွင်း ပြင်ဆင်မှုများလုပ်ဆောင်ရန် ယာယီပိတ်ထားမည်ဖြစ်သည်ဟု ရေးသားထား ကြသည်ကိုလည်း တွေ့ရသည်။

ရန်ကုန်ရှိ ပိုင်အိုနီးယားကလပ်က “ဒီနေ့ ဆိုင်ကို ယာယီပိတ်ပါတယ်။ ပြန်ဖွင့်မယ့်အကြောင်း page မှာ ကြေညာပေးသွားပါမယ်” ဟု လည်းကောင်း၊ Vuvuzela Bar@ Beer က “ဆိုင်အတွင်း ပြင်ဆင်မှုများ လုပ်နေပါသဖြင့် ဆိုင်ခေတ္တပိတ်ထားမည့်အကြောင်း အကြောင်းကြားအပ်ပါသည်”ဟု လည်းကောင်း ရေးသားထားကြသည်ကို တွေ့ရသည်။

ယင်းသို့ ဘားနှင့် ကလပ်များ ယာယီပိတ်ထားခြင်းနှင့်ပတ်သက်၍ ရန်ကုန်ရှိ နိုက်ကလပ်နှင့် ဘားများသို့ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာ အချို့ဆိုင်များက ဖုန်းလိုင်းများဖြတ်တောက်ထားကြပြီး အချို့ဆိုင်များမှာ ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

ပြီးခဲ့သည့်လပိုင်းက ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ Honey Nest ဘားအား စစ်ကောင်စီတပ်ဖွဲ့က ဝင် ရောက်စစ်ဆေးခဲ့ပြီးနောက် ယနေ့အထိ အဆိုပါဘားသည်လည်း ပြန်လည်ဖွင့်လှစ်ခြင်းမရှိသေးဘဲ ယာယီ ပိတ်ထားကြောင်း ၎င်းတို့၏လူမှုကွန်ရက်စာမျက်နှာတွင်  ရေးသားထားသည်ကို တွေ့ရသည်။

ရန်ကုန်ရှိ နိုက်ကလပ်နှင့် ဘားများသည် ပုံမှန် ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ ဖွင့်လှစ်သော်လည်း  Honey Nest ဘား ဝင်ရောက်စစ်ဆေးခံရပြီးနောက် ညနေ ၅ နာရီ မှ ည ၁၁ အထိဟု အချိန်ပြောင်းလဲ သတ်မှတ်ထားသည်ကိုလည်း တွေ့ရသည်။

နိုက်ကလပ်နှင့် ဘားများက ဆိုင်ဖွင့်ချိန်ပြောင်းလဲသတ်မှတ်ခဲ့သော်လည်း သီးသန့်အခန်းများ စီစဉ်ပေးရ သူများ ပိုမိုများပြားလာသည်ဟု ဆိုသည်။

အဆိုပါ သီးသန့်အခန်းများသည် ည ၁၁ နာရီခွဲမှ နံနက် ၄ နာရီထိ၊ နံနက် ၄ နာရီခွဲမှ နံနက် ၇ နာရီအထိ နှင့် နံနက် ၇ နာရီခွဲမှ နံနက် ၁၀ နာရီအထိ အချိန်အမျိုးမျိုးရှိပြီး After Party ၊ After to After ၊ သီးသန့် အခန်းများ သို့မဟုတ် Day Club ဟူ၍ ပုံစံအမျိုးမျိုး ခေါ်ဝေါ်ကြသည်ကိုလည်း တွေ့ရသည်။

စာတည်း။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly