အိန္ဒိယ-မြန်မာနယ်စပ်ဒေသတွင် တည်ငြိမ်ရေးခေါင်းစဉ်ဖြင့် စစ်ရေးအရ ဖိအားပေးမှုများ ပိုမိုပြုလုပ်လာနိုင်

By 001 (မဇ္စျိမ)
04 July 2023
အိန္ဒိယ-မြန်မာနယ်စပ်ဒေသတွင် တည်ငြိမ်ရေးခေါင်းစဉ်ဖြင့် စစ်ရေးအရ ဖိအားပေးမှုများ ပိုမိုပြုလုပ်လာနိုင်

စစ်ကောင်စီနှင့် အိန္ဒိယတို့၏ နယ်စပ်ဒေသအရေးကိစ္စ ဆွေးနွေးမှုနောက်ပိုင်း အိန္ဒိယ- မြန်မာနယ်စပ်ဒေသတွင် တည်ငြိမ်ရေးခေါင်းစဉ်ဖြင့် စစ်ရေးအရ ဖိအားပေးမှုများ ပိုမိုပြုလုပ်လာနိုင်ကြောင်း India for Myanmarအဖွဲ့နှင့် နိုင်ငံရေးလေ့လာသုံးသပ်သူအချို့က သုံးသပ်သည်။

အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာနအတွင်းဝန် Giridhar Aramane အနေဖြင့် မြန်မာနိုင်ငံသို့ ဇွန်လ ၃၀ ရက်နေ့မှ ဇူလိုင်လ ၁ ရက်နေ့အထိလာရောက်ပြီး စစ်ကောင်စီခေါင်းဆောင်အပါအဝင် တာဝန်ရှိသူအချို့နှင့်တွေ့ဆုံပြီး နှစ်နိုင်ငံ နယ်စပ်ကိစ္စများဆွေးနွေးခဲ့ကြောင်း အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ဆွေးနွေးမှုတွင် တစ်ဖက်နိုင်ငံအား အန္တရာယ်ဖြစ်စေမည့်လုပ်ရပ်များအတွက် သက်ဆိုင်ရာနိုင်ငံနယ်နိမိတ်များကို အသုံးချခွင့်မပြုရန် ထပ်မံ အတည်ပြုခဲ့ကြကြောင်း အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“သဘောတူညီချက်တွေကို အကြောင်းပြပြီး ဒီစစ်ကိုင်းတိုင်းနဲ့ အိန္ဒိယ ထိစပ်တဲ့နယ်မြေတွေ၊ နောက်ပြီးရင် ချင်းနဲ့ အိန္ဒိယ ထိစပ်တဲ့နယ်မြေတွေကို ပိုပြီးတော့မှ စစ်ဆင်မှုတွေ လုပ်လာနိုင်ချေတော့ရှိတယ်။ သို့သော် အတွင်းကျကျ ကျွန်တော်တို့ ပြောမယ်ဆိုရင် အိန္ဒိယဘက်က စကစကို တွေ့ဆုံဆွေးနွေးတယ်ဆိုတာ သူ့ဘက်က စိတ်ဝင်စားမှုတချို့ကိုပဲ ပိုပြီးတော့မှ ဦးစားပေးနိုင်ချေများပါတယ်။ ဒါပေမဲ့ ဒီဟာနည်းနည်း ကျွန်တော်တို့အတွက် အန္တရာယ်ရှိတာ သတိထားရမှာကတော့ ဒီအိန္ဒိယက ဆွေးနွေးချက်တွေကို စကစက အခွင့်ကောင်းယူပြီးတော့မှ ထိုးစစ်တွေပြင်းထန်လာချေရှိတာတော့ သေချာတယ်”ဟု India for Myanmarအဖွဲ့ တာဝန်ခံ ဆလိုင်းဒိုခါရ်က ပြောသည်။

အိန္ဒိယ-မြန်မာ နယ်စပ်ဒေသမှာ နှစ်ဖက် သက်ဆိုင်ရာအာဏာပိုင်များကို ဆန့်ကျင်တိုက်ခိုက်နေသည့် လက်နက်ကိုင်အဖွဲ့များ လှုပ်ရှားသည့်နေရာဖြစ်ပြီး အိန္ဒိယနှင့် မြန်မာစစ်တပ်အကြား အဆိုပါ လက်နက်ကိုင်တိုက်ခိုက်နေသည့်အဖွဲ့များကို နှိမ်နင်းရန် သဘောတူထားချက် ယခင်ကတည်းကရှိပြီး အပြန်အလှန်ပူးပေါင်းစစ်ဆင်မှုများလည်းရှိခဲ့ကြောင်း သိရသည်။

ထပ်မံ၍ ယခု ဆွေးနွေးမှုနောက်ဆက်တွဲ အနေဖြင့် သက်ဆိုင်ရာ အာဏာပိုင်အချင်းချင်း အပြန်အလှန် သတင်းပေးမှုများနှင့် တိုက်ခိုက်ပေးမှုများ ရှိလာနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက သုံးသပ်သည်။

“ဘာပဲဖြစ်ဖြစ် အခုလို နှစ်နိုင်ငံ အစိုးရတွေ ဆွေးနွေးတဲ့အခါမှာတော့ ဒီဖက်ကလည်း မြန်မာနိုင်ငံထဲမှာ အစိုးရကို ဆန့်ကျင်တိုက်ခိုက်နေတဲ့အဖွဲ့တွေကို ဟိုဘက်မှာ ခိုလှုံခွင့်မပေးဖို့တို့၊ နောက်တစ်ခါ အပြန်အလှန်သတင်းဖလှယ်ဖို့တို့ဆိုတဲ့ အချက်တွေပါနိုင်ပါတယ်။ ဆိုတော့ ဟိုဘက်ကနေ ဝင်လာတဲ့ လက်နက်ကိုင်တိုက်ခိုက်နေတဲ့ အဖွဲ့ဆိုရင် ဒီဘက်ကနေ အပြန်အလှန် သတင်းပေးတာ တိုက်ခိုက်ပေးတာမျိုးပေါ့။ အဲ့တာမျိုးတွေရှိနိုင်တာပေါ့”ဟု ဆိုသည်။

အိန္ဒိယအနေဖြင့် လက်ရှိတွင် စစ်ကောင်စီအား သွားရောက်တွေ့ဆုံခြင်းမှာ အိန္ဒိယ - မြန်မာနယ်စပ် စစ်ကိုင်းတိုင်း၊ တမူး မြို့နယ်တွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်း၊ အိန္ဒိယဘက်ခြမ်း မဏိပူရ်တွင် လူမျိုးရေးပဋိပက္ခများ ပြန်လည်ပြင်းထန်လာခြင်းတို့အပေါ် အခြေခံပြီး  နယ်စပ်ရေးကိစ္စများ ဆွေးနွေးရန် ဖြစ်ကြောင်း လေ့လာသူများက သုံးသပ်သည်။

သို့သော် စစ်ကောင်စီနှင့် သွားရောက်တွေ့ဆုံသည့် အိန္ဒိယနိုင်ငံ၏ ချည်းကပ်မှုမှာ မှားယွင်းနေကြောင်း India for Myanmar အဖွဲ့မှ ဆလိုင်းဒိုခါရ်က ထောက်ပြသည်။

“စကစနဲ့ အိန္ဒိယ သံအမတ် တွေ့တာဖြစ်ဖြစ် စကစနဲ့ အိန္ဒိယက တကယ့်ထိပ်တန်းအရာရှိတွေ တွေ့တာဖြစ်ဖြစ် တွေ့သာတွေ့တယ်၊ စကစက သူတို့ရဲ့ အိန္ဒိယလိုချင်တဲ့ဟာကို ဘာမှဖြည့်ဆည်းပေးနိုင်တာမှ မရှိတော့တာ။ နယ်စပ်ဖက်ခြမ်းကို အင်အားတောင့်တောင့်တင်းတင်းနဲ့ လှုပ်ရှားနေတာက ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေဖြစ်တယ်”ဟု ဆိုသည်။
  
ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ကလည်း အိန္ဒိယနိုင်ငံအား စစ်ကောင်စီနှင့် စီးပွားရေး ၊ သံတမန်ရေး၊ စစ်ရေး ပူးပေါင်းဆောင်ရွက်နေမှုကို ရပ်တန့်ရန်နှင့် ကိုယ်တိုင်သော်လည်းကောင်း၊ အမေရိကန်နိုင်ငံနှင့် ပူးပေါင်း၍သော်လည်းကောင်း စစ်ကောင်စီအပေါ် အဘက်ဘက်မှ ပိတ်ဆို့ဖိအားပေးမှုများ တိုးမြှင့်လုပ်ဆောင်ရန် ဇွန်လ ၂၈ ရက်နေ့က ကြေညာချက်ထုတ်ပြီး တိုက်တွန်းထားသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က “စစ်ကောင်စီက အခုမြန်မာပြည်ကို လွှမ်းမိုးအုပ်ချုပ်ထားတဲ့ အနေအထားရှိတဲ့အတွက် အဲ့ဒီလို အင်အားရှိတဲ့သူနဲ့ ဆက်ဆံပြီးကိုယ်ကျိုးစီးပွားတွေ ဆက်လက်တည်ဆောက်မယ်ဆိုတဲ့သဘောမျိုးနဲ့ သူတို့အနေနဲ့ဆက်ဆံနေတာဖြစ်ပါတယ်။ ဒါကြောင့် အိန္ဒိယအနေနဲ့ကတော့ မြန်မာပြည် ဒီမိုကရေစီလှုပ်ရှားမှုအတွက်တော့ ဘာမှကို စစ်ကောင်စီဘက်က ရပ်တည်ပြီးတော့ ကျန်တဲ့အင်အားစုတွေကို ဖိအားပေးပြီး တတ်နိုင်သလောက် ထိန်းသိမ်းပေးနေတဲ့သဘောပဲဖြစ်ပါတယ်”ဟု သုံးသပ်သည်။

ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်နေ့ကလည်း ထိုင်းအစိုးရ၏ စီစဉ်မှုဖြင့် မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲကို ထိုင်းနိုင်ငံ၊ ပတ္တရားမြို့တွင် ကျင်းပခဲ့ပြီး အာဆီယံနိုင်ငံအချို့က ဆွေးနွေးပွဲတက်ရောက်ရန် ငြင်းပယ်ခဲ့သော်လည်း အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံတို့က တက်ရောက်ခဲ့ကြသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly