တနင်္သာရီမြို့နယ်တွင် လက်နက်ကြီးကျည်ကျ၍ ၅ ဦး ထိခိုက်ဒဏ်ရာရ

By ကိုရွှေမြိတ်(မဇ္ဈိမ)
04 July 2023
တနင်္သာရီမြို့နယ်တွင် လက်နက်ကြီးကျည်ကျ၍ ၅ ဦး ထိခိုက်ဒဏ်ရာရ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် ၊ အရှေ့မော်တုံးကျေးရွာတွင် ဇူလိုင်လ ၃ ရက် ည ၁၀ နာရီ အချိန်ခန့်က လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံ ငါးဦး ဒဏ်ရာရရှိသွားကြောင်း ဒေသခံထံမှ သိရသည်။

ဆောက်လုပ်ရေး အလုပ်သမား လေးဦးနှင့် ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။

မော်တုန်းရွာအခြေစိုက် စစ်ကောင်စီ၏  အမတ (၃၀၆)အမြောက်တပ်မှ တစ်ဆင့်လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းဖြစ်သည်ဟု ဒေသခံကပြောသည်။

“တိုက်ပွဲ ဖြစ်တာ မဟုတ်ဘူး၊ စစ်ကောင်စီတပ်သားတွေက အကြောင်းမဲ့ ပစ်တာပါ၊ ထိခိုက်တဲ့ ဒေသခံတွေက ညတွင်းချင်း မော်တုန်း အရှေ့ကမ်း ဆေးခန်းကို သွားရောက် ပြသခဲ့တယ်၊ ဒဏ်ရာကမစိုးရိမ်ရပါဘူး”ဟု မော်တုန်းကျေးရွာ အရှေ့ကမ်းနေ ဒေသခံတစ်ဦးက ပြောသည်။

ထိုသို့ စစ်ကောင်စီတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ဒေသခံ ၁,၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရကြောင်းလည်း သိရသည်။

“ဒီရွာတွေက စစ်ရှောင်နေတဲ့ရွာပါ အရင်ကလည်း အခုလို လက်နက်ကြီးနဲ့ မကြာခဏ ပစ်တာ ရှိနေလို့ ဒေသခံတွေက ရွာမှာ အတည်တကျ နေတာမျိုးတော့ မဟုတ်ပါဘူး၊ သွားလိုက် လာလိုက် လုပ်နေတဲ့ ရွာဖြစ်တယ်”ဟု တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပြောရေး ဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

ဇူလိုင်လ ၃ ရက် ညပိုင်းကလည်း စစ်ကောင်စီ၏ အမတ (၃၀၆) အမြောက်တပ်က လက်နက်ကြီးဖြင့် ၁၀ ချက်ခန့် ပစ်ခတ်ခဲ့ပြီး ယနေ့ ဇူလိုင်လ ၄ ရက် နံနက်ပိုင်းတွင်လည်း လေးချက် ထပ်မံပစ်ခတ်ခဲ့သေးကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိအချိန်၌ စစ်ကောင်စီက တနင်္သာရီမြို့နယ်ရှိ တပ်ရင်းများတွင် လက်နက်နှင့် အင်အား ဖြည့်တင်းထားပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များကလည်း ယင်းမြို့နယ် အတွင်းရှိ လမ်းပိုင်းများကို ညဘက် သွားလာခြင်းများ မလုပ်ကြရန်နှင့် လုံခြုံရေးအရ အနီရောင် အဆင့် သတ်မှတ် ထားကြောင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များထံမှ သိရသည်။

စာတည်း။      ။  ဖူးသိမ်ကျ
စာမူတည်းဖြတ်။   ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required