စစ်ကောင်စီတပ်မှ သံချပ်ကာယာဉ် ၂ စီးကို ဖျက်ဆီးနိုင်ခဲ့သည့် ချင်းကာကွယ်ရေးတပ်ဖွဲ့များကို NUG က ကျပ်သိန်း ၄,၀၀၀ ချီးမြှင့်

By 002 (မဇ္စျိမ)
04 July 2023
စစ်ကောင်စီတပ်မှ သံချပ်ကာယာဉ် ၂ စီးကို ဖျက်ဆီးနိုင်ခဲ့သည့် ချင်းကာကွယ်ရေးတပ်ဖွဲ့များကို NUG က ကျပ်သိန်း ၄,၀၀၀ ချီးမြှင့်

စစ်ကောင်စီတပ်မှ သံချပ်ကာယာဉ်နှစ်စီးကို ဖျက်ဆီးနိုင်ခဲ့သည့် ချင်းကာကွယ်ရေးတပ်ဖွဲ့များကို NUG က ကျပ် သိန်း ၄,၀၀၀ ချီးမြှင့်ခဲ့သည်။

ဇူလိုင်လ ၄ ရက်နေ့တွင် ပြုလုပ်သည့် NUG အစိုးရ (၂၂)ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့များကို ဂုဏ်ပြုဆု ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

“ပြီးခဲ့တဲ့ ဧပြီလ ၁၃ ရက်နေ့တုန်းက ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဟာ ဟားခါးမြို့နယ်၊ ချွန်ကျုံး ကျေးရွာအနီးမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ သံချပ်ကာကားနှစ်စီးနဲ့ ယာဉ်တန်းကို တိုက်ခိုက်ဖျက်ဆီးနိုင် ခဲ့ကြပါတယ်။ ဒီသတင်းကိုကြားရချိန်တုန်းက ကျွန်တော်တို့အားလုံး အံ့ဩဝမ်းသာဖြစ်ခဲ့ပြီး တော်လှန်ရေး အတွက်လည်း တကယ်ကို အားတက်ခဲ့ကြရပါတယ်။

ဒီလိုကြီးမားတဲ့ အောင်မြင်မှုမျိုးကို စွမ်းဆောင်နိုင် တဲ့ ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေအပါအဝင် တိုင်းပြည်အာဏာကို စစ်တပ်က မတရားလုယူခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကစလို့ ဒီတော်လှန်ရေးကြီးမှာ မဆုတ်မနစ် ဇွဲသတ္တိရှိရှိနဲ့ ရှေ့ဆုံးက ဦးဆောင် ပါဝင်ခဲ့ကြတဲ့ ချင်းအမျိုးသားများ အားလုံးကိုလည်း အထူး လေးစားဂုဏ်ယူကြောင်း ပြောကြားလိုပါ တယ်” ဟု NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။

ချင်းတော်လှန်ရေး အင်အားစုများက စစ်ကောင်စီ၏ သံချပ်ကာ ယာဉ်နှစ်စီးကို ချေမှုန်းဖျက်ဆီးနိုင်ခဲ့ခြင်း ကို အထောက်အထားများနှင့်တင်ပြလာပြီးနောက် စိစစ်ချီးမြှင့်ရေးအဖွဲ့က လေ့လာသုံးသပ်စိစစ်ကာ အတည်ပြုနိုင်ခဲ့ကြောင်း NUG ကဆိုသည်။

ယင်းသို့ စိစစ်အတည်ပြုပြီးနောက် ချီးမြှင့်ငွေ ကျပ်သိန်း ၄,၀၀၀ ကို CNF/CAN + CDAs ၏ တာဝန်ရှိသူ များထံ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က ထုတ်ပြန်သည်။

စာတည်း။  ။စောဖေ

“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly