မဲကနယ်ဒေသရှိကျေးရွာများကို စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးဖြင့် နေ့စဉ်ရက်ဆက် ပစ်ခတ်နေ

By သွင်ထူးဈာန် (မဇ္ဈိမ)
04 July 2023
မဲကနယ်ဒေသရှိကျေးရွာများကို စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးဖြင့် နေ့စဉ်ရက်ဆက် ပစ်ခတ်နေ

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် မဲကနယ်ဒေသရှိ ကျေးရွာများဘက်သို့ စစ်ကောင်စီတပ်ဖွဲ့က ဇွန်လ ၂၄ ရက်နေ့မှစတင်ကာ လက်နက်ကြီးဖြင့် နေ့စဉ်ရက်ဆက် ပစ်ခတ်နေသည် ဟု ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်စခန်းကုန်းများဖြစ်သည့် ခလရ(၂၇၅)၊ ခမရ(၃၅၅) နှင့် BGF စခန်းကုန်းတို့မှ လက်နက် ကြီးများဖြင့် မဲကနယ်ဒေသရှိ ကျေးရွာများဘက်သို့ပစ်ခတ်နေပြီး ဒေသခံများထိခိုက်မှုရှိကြောင်းသိရ သည်။

“ပစ်တာတော့ ရက်ခြားပြီး ပစ်နေတာ။ တိုက်ပွဲလည်း မဖြစ်ပါဘူး ရွာထဲကို ပစ်ထည့်နေတာ။ ကျနော်တို့ ရတဲ့ သတင်းကတော့ သူတို့ကို ဝင်တိုက်မှာကြောက်တဲ့အတွက် ရမ်းပစ်နေတာ။  ပြီးခဲ့တဲ့ရက်ကဆိုရင် မိသားစုလေးယောက် လက်နက်ကြီးစတွေမှန်တယ်၊ အမျိုးသမီးဆို ခြေချောင်းလေးတွေ ဖြတ်လိုက်ရ တယ်” ဟု ကျားသစ်နက် တပ်ဖွဲ့ဝင်တဦးက ပြောသည်။ 

မဲကနယ်ဒေသအပြင် ကျောက်မိုင်းဒေသဘက်သို့ လည်းစစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ် မှုများ မကြာခဏ ပြုလုပ်နေကြောင်းလည်း သိရသည်။

“ BGFနဲ့ စစ်တပ်က ကျမတို့ကို ပြန်လာနေလို့ရပြီဆိုပြီးပြောလို့ လာနေကြတာ၊ အခုတော့ ရွာထဲကို လက် နက်ကြီးတွေပစ်ထည့်နေတော့ ကျမတို့စိုးရိမ်နေတယ်။ ဆက်နေရမှာလား ထွက်ပြေးရမှာလား မသိတော့ ဘူး” ဟု မဲကနယ်ဒေသခံတဦးက ပြောသည်။

မဲကနယ်ဒေသနှင့် ကျောက်မိုင်းဒေသတို့တွင် မတ်လ ၂၅ ရက်နေ့မှစတင်ကာ စစ်ကောင်စီတပ်ဖွဲ့နှင့် BGF တပ်ဖွဲ့တို့ကို KNU/KNLA ၊ ကော်ဘရာစစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်းတို့က နှစ်လခန့်ကြာ ပြင်း ပြင်းထန်ထန် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စာတည်း။     ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required