အနောက်မြောက်တိုင်းစစ်ဌာနချုပ်ရှိ အလုပ်ရုံနှင့် ဆက်သွယ်ရေးတပ်ကို ကာကွယ်ရေးတပ်ဖွဲ့တိုက်ခိုက်

By လွှမ်းမိုး (မဇ္ဈိမ)
04 July 2023
အနောက်မြောက်တိုင်းစစ်ဌာနချုပ်ရှိ အလုပ်ရုံနှင့် ဆက်သွယ်ရေးတပ်ကို ကာကွယ်ရေးတပ်ဖွဲ့တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(န.မ.ခ)ရှိ အလုပ်ရုံနှင့်ဆက်သွယ် ရေးတပ်တပ်ဖွဲ့ရှိရာနေရာကို ကာကွယ်ရေးတပ်ဖွဲ့များက ဇူလိုင်လ ၂ ရက်နေ့ ည ၈ နာရီခွဲခန့်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း MRDA စေတန်တပ်ခွဲထံမှ သိရသည်။

“နှစ်ရက် အချိန်ယူပြီးမှ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု မိနစ် ၂၀ ခန့် ကြာ ပါတယ်။ အတွင်းသတင်းအရ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးခဲ့တယ်လို့ သိထားရပါတယ်” ဟု Myanmar Royal Dragon Army (MRDA) စေတန်တပ်ခွဲမှ တပ်ခွဲမှူးက မဇ္ဈိမကိုပြောသည်။

အဆိုပါစစ်ကောင်စီတပ်ဖွဲ့သည် န.မ.ခ အနောက်ဘက်ကပ်လျက်ရှိသည့် သပြေတောကျေးရွာအနီးတွင် အထိုင်ချတပ်စွဲနေပြီး မိုင်းရှင်းလင်းရေးနှင့် လက်နက်ပြုပြင်ရေးကို အဓိကထား လုပ်ဆောင်နေသည့် တပ် တခုဖြစ်ကြောင်း ၎င်းကပြောသည်။

ထိုတိုက်ခိုက်မှုကို MRDA စေတန်တပ်ခွဲ နှင့် Royal Tiger တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ကာကွယ် ရေးတပ်ဖွဲ့များဘက်မှ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ န.မ.ခ ကို လက်နက်ကြီးများဖြင့် ပစ်ခတ်မှုမှာ ဇူလိုင်လအတွင်း ပထမဆုံးအကြိမ်ဖြစ်ပြီး နမခ အပါအဝင် မုံရွာမြို့အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ အထိုင်ချရာတပ်စခန်းနှင့် ဂိတ်များကိုလည်း ဆက်လက် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း MRDA စေတန်တပ်ခွဲထံမှ သိရသည်။

စာတည်း။       ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly