မြန်မာကလေးအလုပ်သမား၏ ဘဝက ရတက်မအေးရဟု ILO ပြော

မြန်မာကလေးအလုပ်သမား၏ ဘဝက ရတက်မအေးရဟု ILO ပြော

မြန်မာနိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြရသည့် ကလေးငယ်များသည် မိသားစုကို ထောက်ပံ့ရန်အတွက် လုပ်ကိုင်နေကြရခြင်း ဖြစ်သကဲ့သို့ အန္တရာယ်များသည့် အခြေအနေတွင် လုပ်ကိုင်နေကြရခြင်းလည်း ဖြစ်ကြောင်း ကလေးအလုပ်သမား၏ အခြေအနေကို အကဲဖြတ်သည့် နိုင်ငံတကာ အလုပ်သမားအဖွဲ့အစည်း ILO ၏ အစီရင်ခံစာသစ်တွင် ဖော်ပြထားသည်။

ILO Myanmar ၏ အာရှဒေသ ကလေးအလုပ်သမား ပရောဂျက် ARC က အကဲဖြတ်ချက်တွင် ရန်ကုန်၊ ဧရာဝတီနှင့် ကရင်ပြည်နယ်တို့မှ အလုပ်လုပ်ကိုင်နေသော ကလေးငယ် ၇၀ ရာခိုင်နှုန်းကျော်ကို အင်တာဗျူးရာ၌ ထိုကလေးများ အလုပ်လုပ်ကိုင်ကြရသည့် အဓိကအကြောင်းရင်းမှာ ၎င်းတို့၏ အိမ်ထောင်စုများမှ ငွေရေးကြေးရေး စိန်ခေါ်မှုအခက်အခဲများကြောင့် ဖြစ်ကြောင်း သိရသည်။

COVID-19 ကပ်ဘေးနှင့် နိုင်ငံရေးအကျပ်အတည်းတို့ကြောင့် ကျောင်းများ ပိတ်ရခြင်းသည်လည်း ကလေးမများကို လုပ်ငန်းခွင်သို့ တွန်းပို့နေပြီး ကလေးအလုပ်သမား အခြေအနေကို နောက်ထပ် ဆိုးဝါးစေခြင်း ဖြစ်စေသည်။ ကျောင်းများ ပြန်ဖွင့်သည့်တိုင်အောင် နိုင်ငံအတွင်း၌ နိုင်ငံရေး မတည်ငြိမ်သဖြင့် ဘေးကင်းလုံခြုံရေးအတွက် ကလေးတော်တော်များများမှာ ကျောင်းတက်ကြခြင်း မရှိကြပေ။

အထက်ပါ ဒေသသုံးခု၌ အင်တာဗျူးခဲ့သော ကလေးငယ်များ၏ သုံးပုံတစ်ပုံသည် အိမ်အကူများ ဖြစ်ကြသကဲ့သို့ စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်မှုနှင့် လက်လီနှင့် လက်ကားအရောင်းဈေးကွက်တို့တွင် လုပ်ကိုင်နေကြရသူများလည်း ပါဝင်ပြီး တော်တော်များများမှာ နည်းပါးသည့် လစာဖြင့် အချိန်ကြာမြင့်စွာ လုပ်ကိုင်နေရခြင်း ဖြစ်သည်။

ကလေးငယ်များသည် တစ်ခါတစ်ရံ ဘေးမကင်းဘဲ အန္တရာယ်ရှိသည့် အလုပ်များကိုပါ လုပ်ကိုင်ကြရသည်ဟု အကဲဖြတ်ချက်၌ တွေ့ရှိသည်။ အင်တာဗျူးခဲ့သည့် ကလေးငယ် ၉၀ ရာခိုင်နှုန်းနီးပါးသည် ဆောက်လုပ်ရေးလုပ်ငန်းများတွင် လုပ်ကိုင်နေရပြီး အလေးအပင်များ မကြရကာ ၈၀ ရာခိုင်နှုန်းမှာ နားချိန်မရှိဘဲ နေရောင်အောက်တွင် အချိန်ကြာမြင့်စွာ လုပ်ကိုင်ကြရခြင်း ဖြစ်သည်။ အင်တာဗျူးသည့် ကလေးတော်တော်များများက မတော်တဆမှုဖြစ်ကာ ထိခိုက်ဒဏ်ရာရပြီး အသေးစား ထိခိုက်ဒဏ်ရာ ရခြင်းက အကြိမ်ကြိမ်ပဲ ဖြစ်သည်ဟု ပြောကြသည်။

“အကဲဖြတ်မှုမှာ အလုပ်လုပ်ကိုင်နေတဲ့ ကလေးတော်တော်များများက အခွင့်အရေးရရင် ပညာသင်ချင်ကြတယ်၊ သူတို့လေးတွေရဲ့ ကျောင်းတက်ချင်တဲ့ ဆန္ဒကို အလုပ်လုပ်နေရတာကြောင့် ခွင့်မပြုဘူးဖြစ်နေတယ်၊ ဒီအခြေအနေကို COVID-19 နဲ့ နိုင်ငံရေးအကျပ်အတည်းကြောင့်ဖြစ်တဲ့ တစ်နိုင်ငံလုံး ပဋိပက္ခတွေကြောင့် ပိုပြီး ဆိုးဝါးစေတယ်”ဟု ILO Myanmar ၏ ကိုယ်စားလှယ် ဒွန်လင်းလီက ပြောသည်။

အထက်ပါ ဒေသသုံးခုမှ အစုအဖွဲ့များနှင့် အလုပ်ရှင်များက ကလေးများကို အလုပ်ခိုင်းခြင်းအတွက် အနည်းဆုံးလုပ်ခနှင့် သက်ဆိုင်သော ဥပဒေများကို အများစုက သိရှိကြပုံ မရှိချေ။ အချို့အလုပ်ရှင်များ အထူးသဖြင့် စိုက်ပျိုးရေးကဏ္ဍမှ အလုပ်ရှင်များသည် ကလေးများက ထိန်းချုပ်ရလွယ်ပြီး လုပ်ခနည်းနည်းပဲ ပေးရကာ မကျေမနပ် ပြောဆိုမှု မရှိကြသဖြင့် ကလေးများကို အလုပ်ခန့်ရန် ပိုပြီး လိုလားကြသည်ကို ပြသကြသည်။ အခြားသော ကလေးငယ်များမှာ အိမ်တွင် ဘေးကင်းရေး စိုးရိမ်ပူပန်မှုကြောင့် မိဘများနှင့်အတူ လိုက်ပါလာပြီး အလုပ်လုပ်ကြသူများ ဖြစ်ကြသည်။

မြန်မာနိုင်ငံတွင် ကလေးအလုပ်သမား ပြဿနာကို ထိထိရောက်ရောက် ဖြေရှင်းရန်အတွက် သင့်တော်သော အသိပေးမှုများ၊ အကျိုးဆောင်ပေးခြင်းများနှင့် မူဝါဒဖော်ဆောင်ခြင်းများ ဆောင်ရွက်ရမည်ဟု ယခု အစီရင်ခံစာ၌ အကြံပြုထားသည်။

ILO ၏ ARC ပရောဂျက်သည် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မြန်မာ၊ နီပေါနှင့် ပါကစ္စတန်တို့တွင် နိုင်ငံတကာ အလုပ်သမားအဖွဲ့အစည်း ILO က အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ဒေသတွင်း ပရောဂျက်တစ်ရပ် ဖြစ်သည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly