မန္တလေးတွင် ဘုန်းကြီးကျောင်းရှေ့ လူ‌သေအလောင်းတွေ့

By 007 (မဇ္စျိမ)
03 July 2023
မန္တလေးတွင် ဘုန်းကြီးကျောင်းရှေ့ လူ‌သေအလောင်းတွေ့
ဝါဆိုကျောင်းတိုက်ရှေ့တွင်တွေ့ရသော ပိုင်ရှင်မဲ့အလောင်း  Photo/Mahar Rescue

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်မှ  ဝါဆိုဘုန်းကြီးကျောင်းရှေ့တွင်  သေဆုံးနေသော အမျိုးသားတစ်ဦး၏ရုပ်အလောင်းကို ဒေသခံများက  ယနေ့ ဇူလိုင်လ ၃ရက် နံနက်ပိုင်းတွင်  တွေ့ရှိခဲ့ကြောင်းသတင်းရရှိသည်။

မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက် ၉၁(C) လမ်း၊ ၃၉ လမ်းနှင့် ၄၀ လမ်းကြားရှိ ဝါဆိုကျောင်းတိုက်ရှေ့တွင် ရုပ်အလောင်းတွေ့ရှိခြင်းဖြစ်ပြီး အိမ်ခြေမဲ့တစ်ဦးဖြစ်နိုင်ကြောင်း ဒေသခံများကပြောသည်။

"ဝါဆိုကျောင်းရှေ့မှာ မနက်ကဖြစ်သွားတာပါ။မနေ့ကတည်းက သေဆုံးခဲ့တဲ့အလောင်းလို့ယူဆရတယ်"ဟု ဝါဆိုဘုန်းကြီးကျောင်းအနီးမှ ဒေသခံတစ်ဦးကပြောသည်။

၎င်းကဆက်လက်၍ " ဒီဘက်မှာ အခုတလော အိမ်ခြေရာမဲ့တွေရောက်နေတာတွေ့ရတယ်" ဟု ဆိုသည်။

ရုပ်အလောင်းသည် ပျက်ဆီးနေပြီး ပုတ်ပွနေသည်ဟု သိရသည်။ ရုပ်အလောင်းအား မီးရှို့သင်္ဂြိုလ်မှုကို မြို့ခံလူမှုကူညီရေးအသင်းတစ်ခုက ကူညီဆောင် ရွက်ပေးခဲ့ပြီး သေဆုံးရသည့်အကြောင်းရင်းကို မသိရှိရသေးပေ။

မန္တလေးမြို့တွင် ယခု ၂၀၂၃ခုနှစ်အတွင်း စစ်ကောင်စီကကျူးကျော်ဟုသတ်မှတ်ခံရသည့်နေအိမ်များ ဖယ်ရှားရှင်းလင်းခံရမှုနှင့်အတူ မြို့တွင်းရပ်ကွက်များထဲတွင် အိမ်ခြေရာမဲ့၀င်ရောက်နေထိုင်သူများပြားလာသည်။ ထို့အပြင် လမ်းဘေး၌ ပိုင်ရှင်မဲ့ ‌သေဆုံးနေသည့် ရုပ်အလောင်းတွေ့ရှိမှုလည်း မကြာခဏဖြစ်ပေါ် နေကြောင်းသိရသည်။

"အသတ်ထားရတဲ့လက္ခဏာနဲ့မဟုတ်တဲ့ အလောင်းတွေ တစ်လမှာ နှစ်လောင်းတော့အနည်းဆုံးရှိတယ်။  ဒါ မန္တလေးအနီးဝန်းကျင်းကိုပြောတာနော်။ ကျွန်တော်တို့တစ်သင်းထဲကကောက်ထားတဲ့အလောင်းစာရင်းပေါ့။ တခြားအသင်းတွေလည်း ပိုင်ရှင်မဲ့အလောင်း ကောက်ပေးရတာတွေ ရှိပါတယ်။ ပိုင်ရှင်မဲ့အလောင်းတွေက အိမ်ခြေရာမဲ့ထဲကသေတာတွေဖြစ်နိုင်တယ်" ဟု မြို့ခံလူမှုကယ်ဆယ်ရေးအသင်းတစ်ခုမှတာ၀န်ရှိသူတစ်ဦးကပြောသည်။

မဟာအောင်မြေမြို့နယ်တွင် ဇွန်လ ၁၃ရက်နှင့် ဇွန်လ ၂၁ ရက်နေ့ကလည်း  သေဆုံးနေသည့် ပိုင်ရှင်မဲ့ရုပ်အလောင်းနှစ်ခုတွေ့ရှိခဲ့သည်။ ပုသိမ်ကြီးမြို့နယ် မန္တလေး-ပြင်ဦးလွင်ကားလမ်း မြို့အ၀င်ဂိတ်အနီးတွင်လည်း ဇွန်လ ၂၁ရက်က  ပိုင်ရှင်မဲ့ရုပ်အလောင်းတွေ့ရှိခဲ့ကြောင်း သိရသည်။

စာတည်း - မောင်ကြီး
#mizzima
#မန္တလေးမြို့
#မဟာအောင်မြေမြို့နယ်
#ပိုင်ရှင်မဲ့ရုပ်အလောင်းတွေ့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly