ကန့်ဘလူမြို့နယ် မကျီးကုန်းကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ မီးရှို့ဖျက်ဆီး 

By KMN (မဇ္ဈိမ)
03 July 2023
ကန့်ဘလူမြို့နယ် မကျီးကုန်းကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ မီးရှို့ဖျက်ဆီး 
Photo - ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့(ပုံဟောင်း)

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ပင့်သာတိုက်နယ် ၊ မကျီးကုန်းကျေးရွာကို ယနေ့ ဇူလိုင်လ ၃ ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် စစ်ကောင်စီတပ်ဖွဲ့က စတင်မီးရှို့ဖျက်ဆီးနေကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင်က သတင်းထုတ်ပြန်ထားသည်။

“မကျီးကုန်ကျေးရွာက လူနေအိမ်တွေကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ သတင်းရပါတယ်။ အသေး စိတ်အချက်အလက်ကို ဆက်လက်စုံစမ်းနေဆဲပါ” ဟု ကျွန်းလှ ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီ၏ ခြေမြန်တပ်ရင်းများဖြစ်သော ခမရ (၃၆၁) နှင့် ခမရ (၃၆၈) စစ်ကြောင်းနှစ်ကြောင်းသည် ပြီးခဲ့သည့် မေလအတွင်းကလည်း ပင့်သာတိုက်နယ်မှ ပင့်သာ၊ ချောင်းခြားနှင့် မကျီးကုန်းကျေးရွာများ အား စစ်ကြောင်းထိုးကာ မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင်  ပြီးခဲ့သည့် ဇွန်လအတွင်းက စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးများ ၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၆၁ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ဒေသခံတဦး အသတ်ခံခဲ့ရသည်ဟု သိရသည်။

ကန့်ဘလူခရိုင်အတွင်း၌ စစ်ကောင်စီလက်အောက်ခံ ခမရ(၃၆၁)၊ ခမရ(၃၆၈)တပ်ရင်းများနှင့် ပျူစောထီး များ၏ ရွာစဉ်လှည့်စစ်ကြောင်းထိုးမီးရှို့နေခြင်းများကြောင့် ကျေးရွာအချို့မှာ စစ်ရှောင်တဲများထိုးကာ ကာလကြာမြင့်စွာ စစ်ဘေးရှောင်နေရကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

စာတည်း။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

#စစ်ကိုင်းတိုင်း
#ကန့်ဘလူမြို့နယ်
#စစ်ကောင်စီတပ်
#မီးရှို့ဖျက်ဆီး

#Mizzima
#ကန့်ဘလူခရိုင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly