မုံရွာမြို့နယ်၊ လင်းပိုးကျေးရွာကို စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းပြီး ပစ္စည်းများခိုးယူ

By ပါခွီး (မဇ္ဈိမ)
03 July 2023
မုံရွာမြို့နယ်၊ လင်းပိုးကျေးရွာကို စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းပြီး ပစ္စည်းများခိုးယူ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် လင်းပိုးကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး နေအိမ် များအတွင်းမှပစ္စည်းများကို ခိုးယူသယ်ဆောင်သွားကြောင်း မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးထံ မှ သိရသည်။

မုံရွာ-အမြင့်လမ်းပေါ်ရှိ လင်းပိုးကျေးရွာကို မုံရွာမြို့အဝင်မအူဂိတ်မှ အင်အား ၆၀ ခန့်ပါသော စစ်ကောင်စီ တပ်သားများက တောလမ်းမှတဆင့် ဇူလိုင်လ ၂ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်တွင် ဝင်ရောက်ခဲ့ကြောင်း ဆိုသည်။

လင်းပိုးကျေးရွာသို့ရောက်ရှိပြီးနောက် မုံရွာ-အမြင့်လမ်းပေါ်တွင်ဖြတ်သန်းလာသော ဖောကားနှစ်စီးကို ချောဆွဲကာ ရွာအတွင်းရှိဈေးဆိုင်များမှပစ္စည်းများကို မအူဂိတ်သို့သယ်ဆောင်သွားကြောင်း သိရသည်။

ယူဆောင်သွားသည့်ပစ္စည်းများမှာ ဓါတ်ဆီပေပါ ၁၂ လုံး၊ စားသုံးဆီပုံးများ၊ တီဗွီ၊ ဘက်ထရီအိုး၊ ဖိနပ်များ၊ လေအေးပေးစက်၊ အအေးဗူး၊ ဘီယာနှင့် ကျောင်းသားသုံးကျောပိုးအိတ်များအပါအဝင် ကာလတန်ဖိုး ကျပ် သိန်း ၁၀၀ ခန့် တန်ဖိုးရှိကြောင်းဆိုသည်။

“မအူဂိတ်အတွက် ရိက္ခာနဲ့ဆီတွေကို လာယူတယ်ထင်ပါတယ်။ ပစ္စည်းတွေသယ်ပြီး အဲဒီညနေကတည်း ကပြန်သွားကြတာ” ဟု မုံရွာ - အမြင့် လမ်း သတင်းမှန်ပြန်ကြားရေး တာဝန်ရှိသူတဦးက ပြောသည်။

ထို့ပြင် စစ်ကောင်စီတပ်သားများသည် လင်းပိုးရွာရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် ခြိမ်းခြောက်စာများ ရေးသားခဲ့ပြီး အိမ်အတွင်းမွှေနှောက်ကာ ဘီယာများ၊ အအေးဗူးများကို သောက်သွားခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဝင်ရောက်မှုကြောင့် လင်းပိုး၊ ညောင်ပင်သာ၊ လင်းပင်ဝ၊ မအူနှင့် ရွှေစုံကျေးရွာမှ ဒေသခံများ နေအိမ်စွန့်ခွာ၍ ထွက်ပြေး တိမ်းရှောင်နေရသည်။

ဇွန်လ ၂၆ ရက်၊ ညနေပိုင်းကလည်း  မုံရွာ-အမြင့်လမ်းရှိ ညောင်ပင်သာကျေးရွာ ဘုန်းကြီးကျောင်းရှေ့ လမ်းကို အင်အား ၇၀ ခန့်ပါသည့် စစ်ကောင်စီတပ်မှ လုံခြုံရေးယူကာ ဘူဒိုဇာဖြင့်ထိုးပြီး ကားများဖြတ် သန်းမသွားလာနိုင်စေရန် လေးကြိမ်မြောက် ဖျက်ဆီးခဲ့‌သည်။

စာတည်း။ ။ Alden
စာမူတည်းဖြတ်။  ။စောဖေ

#မုံရွာ
#လင်းပိုးရွာ
#ပစ္စည်းများခိုးယူ
#စစ်ကောင်စီတပ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly