တူမီးထီ အပတ်စဉ်(၁၄)မှ ရရှိလာသော ရန်ပုံငွေ ၂,၁၈၇,၀၀၀ ကျပ်ကို CDF – Patletwa ထံ ပေးပို့

By ပါခွီး (မဇ္စျိမ)
03 July 2023
တူမီးထီ အပတ်စဉ်(၁၄)မှ ရရှိလာသော ရန်ပုံငွေ ၂,၁၈၇,၀၀၀ ကျပ်ကို CDF – Patletwa ထံ ပေးပို့
Photo.   CDF – Patletwa

ချင်းအမျိုးသားများတော်လှန်ရေးအတွက် ဘဏ္ဍာငွေအားဖြည့်ရန်ဖွင့်လှစ်သည့် တူမီးထီ အပတ် စဉ်(၁၄)မှ ရရှိလာသည့် ရန်ပုံငွေ ၂,၁၈၇,၀၀၀ ကျပ်ကို ချင်းကာကွယ်ရေးတပ်ဖွဲ့(ပလက်ဝ) CDF – Petletwa ထံသို့ ပေးပို့ခဲ့ကြောင်း ချင်းရန်ပုံငွေအဖွဲ့ Chin Relief Funding Program (CRFP) က ယနေ့ ဇူလိုင်လ ၃ ရက်နေ့တွင် ထုတ်ပြန်သည်။

တူမီးထီ အပတ်စဉ် (၁၄) တွင် ထီစောင်ရေ ၂၄၂ စောင်ရောင်းရပြီး ဒေါ်လာ ၁၂၁၀ ရရှိကာ ဆုကြေးအဖြစ် ၃၂၀ ဒေါ်လာနှင့် အေးဂျင့်အတွက် ၁၅ ဒေါ်လာကုန်ကျခဲ့ပြီး ရန်ပုံငွေအဖြစ် ၈၇၅ ဒေါ်လာ ရရှိခဲ့ကြောင်း ဆိုသည်။

အပတ်စဉ်(၁၄)ကံထူးရှင်များသည် မြန်မာနိုင်ငံမှဖြစ်ကြပြီး ပထမဆု ဒေါ်လာ ၁၃၅၀ (ယခင်လက်ကျန် များဖြင့်ပေါင်းပြီး) ဒုတိယဆု ဒေါ်လာ ၄၀ နှင့် တတိယဆု ဒေါ်လာ ၃၀ တို့ အသီးသီးကံထူးခဲ့ကြကြောင်း သိရသည်။

“တူမီးထီ ရောင်းအား ကျလာနေပါတယ်၊ ကြော်ငြာအားနည်းတာရယ်၊ ထိုးဖူးပြီးသားလူတွေကို ပုံမှန် အား ပေးသူများအဖြစ် မပြောင်းနိုင်တာတွေက ရောင်းအားကျစေတာဖြစ်မယ်။ ပို့စ်များများတင်နိုင်ရင် ရောင်း အားတက်လာတာမျိုးလည်း တွေ့ရတယ်” ဟု တူမီးထီဖွင့်လှစ်ရေးတာဝန်ရှိသူတဦးကပြောသည်။

တူမီးထီအစီအစဉ်တွင်ပါဝင်အားဖြည့်ခြင်းဖြင့် တော်လှန်ရေးကို အားဖြည့်ပေးနေသည့် တော်လှန်ပြည်သူ၊ ထောက်ပို့ပြည်သူအားလုံးကို ကျေးဇူးတင်ရှိကြောင်းလည်း ဆိုသည်။

ချင်းတော်လှန်ရေးအတွက် ဘဏ္ဍာငွေထောက်ပို့ပေးနိုင်ရန် တူမီးထီကို အားပေးကြရန် တူမီးထီဖွင့်လှစ် ရေးတာဝန်ရှိသူကတိုက်တွန်းထားသည်။

တူမီးထီမှရရှိလာသော ရန်ပုံငွေများကို ချင်းတော်လှန်ရေးတပ်ဖွဲ့များ၊ စစ်ဘေးရှောင်(IDPs)များ၊ ဒဏ်ရာ ရရှိခဲ့သည် ရဲဘော်များ၊ CDM ကူညီရေးအဖွဲ့အစည်းနှင့် ချင်းပြည်နယ်အတွင်း ပညာရေး၊ ကျန်းမာရေး ကိစ္စများအတွက် လုပ်ကိုင်ဆောင်ရွက် နေသူများထံ ပေးပို့ဖြန့်ဝေခဲ့ကြောင်း သိရသည်။

တူမီးထီ အပတ်စဉ် (၁၅) အတွက် လက်မှတ်တစ်စောင်လျှင် ၅ ဒေါ်လာဖြင့် ရောင်းချလျက်ရှိပြီး လတ် တလောတွင် ပထမဆု ဒေါ်လာ ၂၀၀ ဖြစ်ကာ လက်မှတ်ရောင်းချရခြင်းအပေါ်မူတည်၍ ဆုကြေးငွေ တိုးမြှင့်သွားမည်ဟု ဆိုသည်။

တူမီးထီအပတ်စဉ် (၁၅)ကို ဇူလိုင်လ ၃၁ ရက်တွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး ရရှိလာမည့် ရန်ပုံငွေအား ပြန်လည်ဖြန့်ဝေမည့်အဖွဲ့အစည်းကို မကြာခင်အသိပေးသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
တူမီးထီ အပတ်စဉ်(၁၃) မှ ရရှိလာသည့် ရန်ပုံငွေ  ၇၆၅ ဒေါ်လာကို ချင်းကာကွယ်ရေးတပ်ဖွဲ့ (တွန်းဇံ) (CDF – Tonzang) သို့ ပေးပို့ခဲ့ကြောင်း သိရသည်။

စာတည်း။       ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly