သီရိလင်္ကာရောက် ပစ်ပယ်ခံ ထိုင်းဆင်ကို လေကြောင်းဖြင့် မွေးရပ်ဌာနေသို့ ပြန်လည်ခေါ်ဆောင်

သီရိလင်္ကာရောက် ပစ်ပယ်ခံ ထိုင်းဆင်ကို လေကြောင်းဖြင့် မွေးရပ်ဌာနေသို့ ပြန်လည်ခေါ်ဆောင်

လွန်ခဲ့သည့် ဆယ်စုနှစ်နှစ်စုအကြာက သီရိလင်္ကာကို ထိုင်းနိုင်ငံက လက်ဆောင်ပေးခဲ့သော ဆင်တစ်ကောင်သည် ယမန်နေ့ ဇူလိုင် ၂ ရက်က မွေးရပ်မြေ ထိုင်းနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ အဆိုပါ ထိုင်းဆင်သည် သီရိလင်္ကာ၌ ရှိစဉ်က ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသည် ဆိုခြင်းနှင့်ပတ်သက်ပြီး နှစ်နိုင်ငံအကြား သံတမန်ရေးရာ ကတောက်ကဆတ် ဖြစ်ပြီးနောက် ယခုကဲ့သို့ ဆင်ကြီးကို မွေးရပ်မြေ ထိုင်းနိုင်ငံသို့ ပြန်လည်ခေါ်ယူခြင်း ဖြစ်သည်။

ထိုင်းအာဏာပိုင်တို့သည် လက်ရှိ အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်သည့် မူသူ ရာဂျာ အမည်ရှိ (ထိုင်းတွင် ဆက်ခ် ဆူရင်အဖြစ် လူသိများသည့်) ဆင်ကြီးကို ၂၀၀၁ ခုနှစ်က သီရိလင်္ကာကို လက်ဆောင်အဖြစ် ပေးခဲ့ခြင်း ဖြစ်သည်။

သို့သော် အဆိုပါ ထိုင်းဆင်ကို သီရိလင်္ကာရှိ ဗုဒ္ဓဘုရားကျောင်းတစ်ခု၌ ထားရှိစဉ် ဆင်ကြီးအား ညှဉ်းပန်းနှိပ်စက်မှုများ ရှိခဲ့သလို ဂရုမစိုက်ဘဲ ပစ်ထားသည် ဆိုသည့် ပြောဆိုချက်များ ထွက်ပေါ်ပြီးနောက် ထိုင်းအာဏာပိုင်တို့က ယမန်နှစ်တွင် ထိုဆင်ကြီးကို ပြန်ပေးရန် တောင်းဆိုခဲ့သည်။

အလေးချိန် ၄,၀၀၀ ကီလိုဂရမ် (၈,၈၀၀ ပေါင်) ရှိသည့် ဆင်ကြီးကို llyushin ll-76 ကုန်တင်လေယာဉ်တစ်စင်းဖြင့် အထူးတည်ဆောက်ထားသော သံမဏိ ကုန်သေတ္တာတစ်ခုထဲ သယ်ယူခေါ်ဆောင်ခဲ့ရာ ယမန်နေ့ ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီနောက်ပိုင်းတွင် ထိုင်းနိုင်ငံသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။
“ဆင်ကြီးက ချင်းမိုင်ကို ကောင်းကောင်းမွန်မွန်နဲ့ ပြန်ရောက်လာပါတယ်” ဟု ထိုင်း ပတ်ဝန်းကျင်ရေးရာ ဝန်ကြီး ဗာရာဝတ် ဆစ်လ်ပါ အာချာက လေဆိပ်၌ ပြောသည်။

“သူ (ဆင်ကြီး) က ငါးနာရီလောက် ခရီးသွားခဲ့ရပေမယ့် ဘာမှ မဖြစ်ပါဘူး။ သူ့အခြေအနေက ပုံမှန်ပါပဲ”“အားလုံး အဆင်ပြေရင်တော့ ကျွန်တော်တို့ သူ့ကို နေရာရွှေ့ပါမယ်” ဟု ၎င်းက ပြောသည်။ ဆင်ကြီးကို အနီးအနားရှိ သဘာဝသစ်တောတစ်ခု၌ သီးသန့်ထားရှိမည့် အစီအစဉ်ကို ရည်ညွှန်းပြောဆိုခြင်းဖြစ်သည်။

ဆင်ကြီး မူသူရာဂျာ၏ တန်ဆာဆင်ထားသည့် ကုန်သေတ္တာကို လေယာဉ်ပေါ်မှ ချပြီးနောက် ဆင်ကြီးကို ရေတိုက်ရာတွင် ဗာရာဝတ်က ကူညီလုပ်ဆောင်ခဲ့သည်။ ရေဆာနေသော ဆင်ကြီးကလည်း အပေါက်တစ်ခုမှနေပြီး နှာမောင်းကို ထုတ်ကာ ရေကို လက်ခံရယူခဲ့သည်။

ဆင်ကြီး မူသူရာဂျာကို မနက်အရုဏ်မတက်မီက သီရိလင်္ကာ၏ မြို့တော် ကိုလံဘိုရှိ တိရစ္ဆာန်ရုံတစ်ခုရှိ ယာယီနေထိုင်ရာနေရာမှ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး ထိုင်းဆင်ထိန်းလေးဦးနှင့် သီရိလင်္ကာ ဆင်ထိန်းတစ်ခုတို့လည်း အတူလိုက်ပါခဲ့သလို လေယာဉ်ဖြင့် သယ်ဆောင်စဉ် စီစီတီဗွီ ကင်မရာနှစ်လုံးဖြင့် ဆင်ကြီး၏ ကျန်းမာရေးကို စောင့်ကြည့်ခဲ့သည်။

ဆင်ကြီးသည် ဒေသစံတော်ချိန် မနက် ၇ နာရီ မိနစ် ၄၀ ခန့်က ကော်မာရှယ် လေကြောင်းခရီးစဉ်တစ်ခုဖြင့် ထွက်ခွာခဲ့ပြီး ယင်းအတွက် ကုန်ကျစရိတ် ဒေါ်လာ ၇၀၀,၀၀၀ ရှိကြောင်း ထိုင်းတာဝန်ရှိသူတို့က ပြောသည်။

ဆင်ကြီး မူသူရာဂျာကို ယမန်နှစ်က ဗုဒ္ဓဘုရားကျောင်းမှ ကယ်တင်ခဲ့ချိန်က ၎င်းသည် ထိခိုက်နာကျင်နေခဲ့သလို ခန္ဓာကိုယ်ပေါ်တွင်လည်း ပြည်တည်နာများ ရှိနေခဲ့ကြောင်း တိရစ္ဆာန်ရုံမှ တိရစ္ဆာန် ဆေးကုဆရာဝန် မာဒက်ရှာ ပါရီရာက အေအက်ဖ်ပီကို ပြောသည်။

ဆင်ကြီးသည် သီရိလင်္ကာ၌ သစ်ထုတ်လုပ်ရေး အဖွဲ့တစ်ခုနှင့်အတူ အလုပ်ခိုင်းစေခံခဲ့ရသလို သူ့အား ထိန်းကျောင်းသူကြောင့် ရသည့် ဒဏ်ရာတချို့အပါအဝင် ဆင်ကြီး၏ ဒဏ်ရာများမှာ ဂရုစိုက်ခြင်းမခံရဘဲ ပစ်ထားခံခဲ့ရကြောင်း တိရစ္ဆာန် စောင့်ရှောက်ရေးအဖွဲ့များက ပြောသည်။

ယခုအခါ ဆင်ကြီး မူသူရာဂျာ၏ ဘယ်ဘက်ရှေ့ခြေထောက်ရှိ လက်ကျန် ဒဏ်ရာတစ်ခုကို ကုသရန် ဆင်ကြီးကို ထိုင်း၌ ရေကုထုံးတစ်ခုဖြင့် ကုသလိမ့်မည် ဖြစ်ကြောင်း ပါရီရာက ပြောသည်။
Neglected elephant touches down in Thai homeland after flight

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly