မြန်မာနိုင်ငံရှိ လူကုန်ကူးဂိုဏ်းတွင် ပါဝင်ပတ်သက်သည့် ထိုင်ဝမ်အမျိုးသား ထောင်ဒဏ် ၆ နှစ် ချမှတ်ခံရ

By Taipei Times
03 July 2023
မြန်မာနိုင်ငံရှိ လူကုန်ကူးဂိုဏ်းတွင် ပါဝင်ပတ်သက်သည့် ထိုင်ဝမ်အမျိုးသား ထောင်ဒဏ် ၆ နှစ် ချမှတ်ခံရ

လစာကောင်းသော အလုပ်အကိုင်များ ရရှိမည်ဟု လူများကို မက်လုံးပေးကာ မြန်မာနိုင်ငံသို့ သွေးဆောင်ခေါ်ယူပြီး ၎င်းတို့ကို အွန်လိုင်း အလိမ်အညာ ရိုက်စားအလုပ်များ အတင်းအကျပ် ခိုင်းစေမှုအတွက် ထိုင်ဝမ်အမျိုးသားတစ်ဦးကို ထိုင်ဝမ်တရားရုံးက ထောင်ဒဏ် ခြောက်နှစ်နှင့် လေးလ ချမှတ်လိုက်သည်။

Brother Nan အမည်ရ တရုတ်နိုင်ငံသားတစ်ဦးနှင့် ချန်း အမည်ရ အခြား ထိုင်ဝမ်အမျိုးသားတစ်ဦးတို့ ပါဝင်သည့် လူကုန်ကူးဂိုဏ်းတစ်ခုတွင် ယခု ပြစ်ဒဏ်ချမှတ်ခံရသော ရှောင် အမည်ရ ထိုင်ဝမ် အမျိုးသားလည်း ပါဝင်ဆက်စပ်နေသည်ဟု ယုံကြည်ရကြောင်း တိုင်ပေ ခရိုင်တရားရုံးက ဇွန်လ ၂၉ ရက် တရားရုံးပြစ်ဒဏ်အမိန့်ချမှတ်မှုတွင် ပြောသည်။ ချန်းကိုလည်း လက်ရှိတွင် စုံစမ်းစစ်ဆေးလျက် ရှိသည်ဟု တရားရုံးက ပြောသည်။

အဆိုပါ လူကုန်ကူးဂိုဏ်းသည် ပြည်ပနိုင်ငံများရှိ အကြွေးနွံနစ်နေသူများကို အဓိက ပစ်မှတ်ထား သိမ်းသွင်းဆွဲဆောင်ခြင်း ဖြစ်ပြီး လစာကောင်းပြီး လွယ်ကူသော အလုပ်အကိုင်များ လုပ်ရမည် ဆိုပြီး ရှောင်က အင်စတာဂရမ်တွင် အလိမ်အညာ အလုပ်ခေါ်စာများ တင်ပြီး သွေးဆောင်ခေါ်ယူမှုများ ရှိခဲ့ကြောင်း တိုင်ပေ တရားရုံးက ပြောသည်။

ယမန်နှစ် မတ်လက လူကုန်ကူးခံရသူ အမျိုးသားတစ်ဦးသည် ထိုင်းနိုင်ငံ၌ အွန်လိုင်းဂိမ်းလုပ်ငန်းတစ်ခုအတွက် ဖောက်သည် ဝန်ဆောင်မှုပေးရမည့် အလုပ်တစ်ခု လုပ်ရမည်ဟု စည်းရုံးခြင်းခံရပြီး ၎င်းအနေဖြင့် ထိုအလုပ်တွင် အခြေခံလစာ ထိုင်ဝမ်ဒေါ်လာ ၃၀,၀၀၀ (အမေရိကန်ဒေါ်လာ ၉၆၂) ရမည် ဟု ကတိပေးခြင်းခံရသလို စွမ်းဆောင်ရည်အပေါ် မူတည်ပြီး တစ်လလျှင် အများဆုံး ထိုင်ဝမ်ဒေါ်လာ ၁ သန်းအထိ ရနိုင်သည်ဆိုပြီး သွေးဆောင်စည်းရုံးခံခဲ့ရကြောင်း တရားရုံးက ပြောသည်။

မော်တော်ကား ချေးငွေ ထိုင်ဝမ်ဒေါ်လာ ၄၀၀,၀၀၀ ရှိနေသည့် ထိုအမျိုးသားသည် ၎င်း ထိုင်းသို့ လာရောက်ရာ၌ လေယာဉ်ခ၊ ၎င်း၏ နေထိုင်စားသောက်စရိတ်တို့ကို ကုမ္ပဏီဘက်က ကျခံပေးမည်ဆိုပြီး သိမ်းသွင်းပြောဆိုခံခဲ့ရသလို ၎င်းအနေဖြင့် ဆန္ဒရှိသည့် မည်သည့်အချိန်ဖြစ်ဖြစ် ထိုင်ဝမ်သို့ ပြန်နိုင်ကြောင်း စည်းရုံးပြောဆိုခြင်းခံရသည်ဟု တရားရုံးက ပြောသည်။

ထို အမျိုးသားအတွက် စီစဉ်မှုများကို ရှောင်က လုပ်ဆောင်ပေးခဲ့ခြင်းဖြစ်ပြီး ထို့နောက် ထိုအမျိုးသားသည် ထိုင်းသို့ ရောက်ရှိလာပြီးမှ ထိုမှတစ်ဆင့် ကာစီနို ခြံဝန်းတစ်ခုတွင် အလုပ်လုပ်ရန် မြန်မာနိုင်ငံသို့ မှောင်ခိုခေါ်ဆောင်ခံရပြီး အွန်လိုင်း ရိုက်စားအလုပ်များ အတင်းအကျပ် ခိုင်းစေခြင်းခံခဲ့ရကြောင်း တရားရုံးက ပြောသည်။

ထို့ပြင် ၎င်းသည် စွမ်းဆောင်မှု သတ်မှတ်အဆင့်လယ်ဗယ် မပြည့်မီပါက ပြေးရခြင်း၊ ခုန်ရခြင်း ကဲ့သို့ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ပြစ်ဒဏ်ပေးခြင်း ခံရကြောင်း သိရသည်။

အဆိုပါ လူကုန်းကူခံ အမျိုးသားအပြင် ခြံဝန်းအတွင်း ရှိသည့် အခြားသူများသည် လွတ်လပ်စွာ သွားလာခွင့် မရခဲ့သလို ၎င်းတို့သည် မြန်မာနိုင်ငံ၌ တရားမဝင် အလုပ်သမားများအဖြစ် ရှိနေခဲ့ကြပြီး ဧရိယာတွင် လက်နက်ကိုင်များကလည်း ကင်းလှည့်စောင့်ကြည့်နေခဲ့ကြောင်း ထိုင်ဝမ်တရားရုံးက ပြောသည်။

ရှောင် အနေဖြင့်ကမူ ၎င်း၏ အလိမ်အလည် လုပ်ဆောင်ချက်များအတွက် ကော်မရှင်ခများ ရနေခဲ့သလို ၎င်းသည် မြန်မာနှင့် ထိုင်းနိုင်ငံတို့တွင် လွတ်လွတ်လပ်လပ် ကူးလူးသွားလာနေခဲ့ကြောင်း တရားရုံးက ပြောသည်။

ယင်းနောက် လူကုန်ကူးခံရသည့် ထိုင်ဝမ်အမျိုးသားက အခြေအနေအပေါ် သည်းမခံနိုင်တော့သည့်အတွက် ၎င်း ထိုင်ဝမ်သို့ ပြန်ချင်သည်ဟု ပြောခဲ့ကြောင်း သိရသည်။ ထိုအချိန်တွင် ၎င်းအနေဖြင့် ၎င်း၏နေရာ အစားဝင်လုပ်ပေးမည့်သူကို ရှာနိုင်မှသာ သို့မဟုတ် အလုပ်စာချုပ် သက်တမ်းမစေ့မီ စောပြန်သည့်အတွက် ဒဏ်ကြေး ထိုင်ဝမ်ဒေါ်လာ ၁၆၀,၀၀၀ ပေးမှသာလျင် ထိုင်ဝမ်သို့ ပြန်၍ရမည်ဖြစ်သည်ဟု Brother Nan က ပြောသည်ဟု သိရသည်။

ထို့နောက် အဆိုပါ ထိုင်ဝမ်အမျိုးသားသည် ၎င်းတွင် ရှိသမျှ ပိုက်ဆံ ထိုင်ဝမ်ဒေါ်လာ ၇၀,၀၀၀ စလုံးကို Brother Nan ထံ ပေးခဲ့သလို ၎င်းအား ထိန်းသိမ်းထားသူများအား ပေးရန် ထိုင်ဝမ်ရှိ ၎င်း၏ ချစ်သူမိန်းကလေးအား အကြောင်းကြားပြီး နောက်ထပ် ထိုင်ဝမ်ဒေါ်လာ ၈၀,၀၀၀ ကို ဘဏ်အကောင့်တစ်ခုထံ လွှဲပို့ခိုင်းပြီးမှ ထိုင်ဝမ်သို့ ပြန်နိုင်ခဲ့ကြောင်း တရားရုံးက ပြောသည်။ ထို အလုပ်အကိုင် ရိုက်စားနေရာတွင် အခြား လူကုန်ကူးခံရသူလေးဦး ရှိနေသေးကြောင်း တရားရုံးက ပြောသည်။

တိုင်ပေ ခရိုင်တရားရုံး၌ ကြားနာစစ်ဆေးမှုအတွင်း ရှောင် သည် ၎င်း၏ ကိုယ်ပိုင်အကျိုးအမြတ်အတွက် အခြားနိုင်ငံများမှ လူများကို သွေးဆောင်ရန် အလိမ်အညာ နည်းလမ်းများ အသုံးပြုမှုအတွက် အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

ထို့ပြင် ၎င်းသည် လူတစ်ဦးအား အတင်းအကျပ် စည်းရုံးခေါ်ယူ၊ ပိတ်လှောင်ထားခြင်း၊ သို့မဟုတ် သင့်တော်မျှတသော လုပ်ခ မပေးဘဲ အတင်းအကျပ် ခြိမ်းခြောက် အလုပ်ခိုင်းစေခြင်း အပါအဝင် လူကုန်ကူးမှုအတွက် အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

Man gets over six years in jail for Myanmar job scam
https://www.taipeitimes.com/News/taiwan/archives/2023/07/03/2003802569
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly