HIV ပိုးနဲ့ အသက်ရှင် နေထိုင်သူ အိမ်ထောင်ဦးစီး အမျိုးသမီး

HIV ပိုးနဲ့ အသက်ရှင် နေထိုင်သူ အိမ်ထောင်ဦးစီး အမျိုးသမီး

ယောင်္ကျားသားမရှိတော့တဲ့ မုဆိုးမ မိခင်တယောက်အဖို့ ဘယ်လောက်ထိ အခက်အခဲတွေနဲ့ ရုန်းကန်ရမလဲဆိုတာ လူတိုင်းတွေးမိပါတယ်။

ယောင်္ကျားသားသေဆုံးသွားတဲ့ ကလေး ၇ယောက်မိခင် စစ်ပြေးဒုက္ခသည်တစ်ယောက်အတွက်ဆို ဘယ်လောက်ထိ ခက်ခဲလေမလဲ။

အဲ့ဒါထက်ပိုပြီး သူမဟာ HIV ပိုးနဲ့ အသက်ရှင်နေထိုင်ရသူ တစ်ဦး ဖြစ်နေပါတယ်။

သူကတော့ အသက် ၄၃ နှစ်ရှိပြီဖြစ်တဲ့ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ဂျာမိုင်ကောင်း(စိန်ပေါ) ဒုက္ခသည် စခန်းက ဒေါ်ဂျာရော်(အမည်လွှဲ)ပဲဖြစ်ပါတယ်။

ဒေါ်ဂျာရော်က သူငယ်တန်းကနေ ၁၀အထိ ကျောင်းနေအရွယ်ကလေးငါးယောက်အပါအဝင် ကလေး ခုနှစ်ယောက်အတွက် တစ်ကိုယ်တည်း ရုန်းကန်နေရသူပါ။

"၁၀တန်းကောင်မက အမေ အဲ့ဒါလိုတယ်။ အဲ့ဒါလိုတယ်ဆို တစ်ခါတစ်လေ တအားစိတ်ညစ်တာ။ အိပ်လို့တောင်မရဘူး။ ဆယ်တန်းအောင်လာရင်လည်း ဘယ်လိုဆက်လုပ်ရမလဲနော့။ အဖေရှိရင်ကတော်သေးတာ။ အခုက အမေတယောက်တည်းနော့။ အမေက ကျန်းမာရေးလည်း မကောင်းဘူးဆိုတော့ အခက်အခဲတွေတော့ ရှိတာပေါ့" လို့ သူမရဲ့ အခက်အခဲကို ရှင်းပြပါတယ်။

ဒေါ်ဂျာရော်က သူမမှာ HIV ပိုးရှိတာကို ၂၀၁၂ ခုနှစ် ဇူလိုင်လမှာ စသိခဲ့ရပြီး အဲ့ဒီ့အချိန်တည်းက ART ဆေးကို မှီဝဲလာတာ အခုဆိုရင် လေးနှစ်ပင် ရှိပါပြီ။

သူတို့မိသားစုမှာ HIV ပိုးရှိတာ သူတစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ သူ့အမျိုးသားကလည်း ဒီရောဂါနဲ့ပဲ ၂၀၁၂ ခုနှစ်မှာ ဆုံးပါးခဲ့တာဖြစ်ပြီး သူငယ်တန်းတက်နေတဲ့ သူ့ရဲ့ သမီးအငယ်ဆုံးလေးမှာလည်း HIV ပိုး ရှိလို့နေပါတယ်။

"ကိုယ်ဝန်မှာစစ်တဲ့အချိန်မပေါ်ဘူး။ အဲ့ဒီ့မှာ ခုခံအားရှိနေလို့ထင်တယ်။ သူ့ကိုမွေးပြီးတဲ့နောက် ၇လနောက်ပိုင်းမှာ ကလေးက တဖြည်းဖြည်းနဲ့ သေးသေးလာတာ။ ဒါပေမယ့် ကျွန်မတို့က မသိဘူးလေ။ ရွာမှာပဲ အလုပ်ပဲလုပ်စားနေတာဆိုတော့။ သူငယ်နာထင်ပြီး သူငယ်နာကုလိုက်သေးတယ်။ ကလေးနှစ်နှစ်ကျော်မှ မြစ်ကြီးနား (ဒုက္ခသည်စခန်း) ရောက်တာလာလေ။ အဲ့ဒီအခါမှာ သူ့အဖေက အသည်းအသန်ဖျားတော့ မြစ်ကြီးနားဆေးရုံတင်တော့ ဆေးစစ်ကြည့်တော့ အဲ့ရောဂါရှိနေတာ။ သုံးရက်လောက်ပဲ ခံလိုက်တယ်။ အဲ့ဒီနောက်ပိုင်းမှ ကျွန်မလည်း ဆေးစစ်ကြည့်တော့ အဲ့ရောဂါရှိနေတော့ ကျွန်မအခုဆေးစားနေရတာ" လို့ ဒေါ်ဂျာရော်က ရှင်းပြပါတယ်။

သူတို့မိသားစုက ဒုက္ခသည်စခန်းကို ရောက်မလာခင်က ကချင်ပြည်နယ် ........ မြို့နယ်၊ ... ရွာမှာ တောင်ယာလုပ်ငန်း လုပ်ကိုင်သူတွေပါ။ လင်မယားနှစ်ယောက်လုံး တောင်ယာလုပ်ငန်းကို တက်ညီလက်ညီ လုပ်နေတာကြောင့် သူတို့မိသားစုကို ဒီလိုရောဂါ ရှိလာလိမ့်မယ်လို့ အိပ်မက်တောင် မမက်ဖူးခဲ့ပါဘူး။

သူမက ရွာမှာဆိုရင် တောင်ယာအလုပ်အပြင် ကိုယ်ဝန်ဆောင်တွေကို မီးဖွားပေးရတဲ့ ဝမ်းဆွဲသည်လည်း လုပ်ကိုက်ရတယ်လို့ ဒေါ်ဂျာရော်က ပြောပြပါတယ်။ ဒီရောဂါ ရလာတာကလည်း ကလေးမီးဖွားပေးရင်း ကူးစက်ခဲ့ရတာ ဖြစ်နိုင်တယ်လို့ သူမက ယုံကြည်နေပါတယ်။

"ကျွန်မ ကလေးတွေအများကြီးမွေးပေးဖူးတယ်။ အဲ့ဒီ့ထဲမှာ အဲ့လိုမျိုးရောဂါရှိတဲ့ မိသားစုက တစ်စုပဲပါတယ်။ အဲ့ဒီတုန်းက ကလေးမွေးမယ်လို့လာခေါ်တဲ့အချိန် ကျွန်မရောက်သွားတော့ ကလေးက ထွက်နေပြီ။ အဲ့တော့ လက်အိတ်မပါလည်း ကျွန်မကိုင်ရတော့မယ်လေ။ ချက်ကြိုးတွေ ဘာတွေဖြတ်တော့လည်း ကျွန်မလက်မှာ သွေးတွေက ထိနေပြီ။ အဲ့ဒီအချိန်က ကျွန်မလက်မှာ အနာရှိမရှိတော့ ကျွန်မ မမှတ်မိဘူး"

အဲ့ဒီ့ကိုယ်ဝန်ဆောက်မိခင်ရဲ့ အမျိုးသားဟာ သိပ်မကြာခင်မှာပဲ HIV/AIDS ရောဂါနဲ့ဆုံးပါးသွားခဲ့တယ်လို့ သူမရဲ့ အပြောအရ သိရပါတယ်။

"ဘယ်ကနေကူးတာလဲ ကျွန်မမသိပေမယ့် ပြန်စဉ်းစားကြည့်တာတော့ အဲ့ဒါပဲ ရှိတယ်လေ" လို့ သူ့အထင်ကို ပြောပါတယ်။

ဒေါ်ဂျာရော်မှာ HIV ပိုး ရှိနေတာကို ဒုက္ခသည်စခန်းမှာ အတူနေထိုင်တဲ့ စခန်းဖော်တွေကလည်း သိကြပါတယ်။ အစပိုင်းမှာတော့ သူ့အနေနဲ့ ခွဲခြားဆက်ဆံခံရတာတွေ ခံစားခဲ့ရပေမယ့် နောက်ပိုင်းမှာတော့ ပညာပေးလုပ်ငန်းတွေ ရှိလာလို့ ခွဲခြားခံရမှုတွေ နည်းသွားပြီလို့ ဆိုပါတာ်။

"ကျွန်မလည်း ရွာမှာတုန်းကဆို အရမ်းကြောက်တယ်လေ။ ဒီရောဂါရှိတဲ့သူဆို ကြောက်တယ်။ ရွံတယ်။ အခုဒီကလူတွေလည်း နားလည်နေပြီ။ ခွဲခြားဆက်ဆံမှုမရှိတော့ဘူး။ အစကဆို ခွဲခြားတာပေါ့။ အဲ့ဒီအမျိုးသမီးမှာ ရောဂါရှိတယ်။ သူတို့မိသားစုနဲ့ မပေါင်းနဲ့။ ဒါမျိုးပေါ့" လို့ ဒေါ်ဂျာရော်က ပြောပါတယ်။

ဂျာမိုင်ကောင်းစခန်းမှာဆိုရင် ဒေါ်ဂျာရော်လို ဘဝတူ မုဆိုးမ လေးဦးတယ်လို့ စခန်းတာဝန်ခံ ဒေါ်ရွယ်ဂျာက မဇ္ဈိမကို ပြောပြပါတယ်။

"သူတို့အားလုံး သူတို့ယောင်္ကျားတွေ မရှိတော့ဘူး။ ဒီရောဂါနဲ့ပဲ ဆုံးပါးသွားကြတာပဲ" လို့ ၎င်းက ပြောပါတယ်။

ဒေါ်ဂျာရော်ကတော့ သူမမှာ ဒီရောဂါရှိတယ်ရယ်လို့ စိတ်ညစ်၊ စိတ်ဓာတ်ကျနေချိန် မရှိပါဘူး။ သူ့ကလေးတွေအတွက်၊ သူ့မိသားစုအတွက် ရုန်းကန်နေရတာအပြင် ဒုက္ခစခန်းက ကလေးတွေကို စာသင်ပေးတဲ့အလုပ်တွေ လုပ်ကိုင်နေပါတယ်။

ဒါ့အပြင် တစ်ခါတစ်ရံမှာ သူနဲ့ဘဝတူ စိတ်ဓာတ်ကျနေတဲ့ အမျိုးသမီးတွေကိုတောင် ပြန်လည် နှစ်သိမ့်ပေးတာမျိုး ရှိတယ်လို့ သိရပါတယ်။

"ဘာမှစိတ်မညစ်နဲ့။ ဆေးကိုပုံမှန်သာစား။ အိပ်ရေးမပျက်နဲ့။ အစားအသောက်မပျက်နဲ့။ အဲ့ဒါဆို နဂိုအတိုင်း ပြန်ဖြစ်လာမှာလို့ ပြောပြတယ်"

ဒေါ်ဂျာရော်တို့လို့ ဒုက္ခသည်စခန်းတွေမှာ နေထိုင်ရတဲ့ မုဆိုးမ HIV ဝေဒနာရှင်တွေအတွက် သီးသန့်အထောက်အပံ့တွေ မရှိပါဘူး။ သူတို့ဟာလည်း တစ်ခြားဒုက္ခသည်တွေနည်းတူ ရိက္ခာခွဲတမ်း တန်းတူပဲ ရရှိပါတယ်။

HIV ဝေဒနာရှင်တွေ သောက်သုံးရတဲ့ ART ဆေးကိုတော့ INGOs တွေနဲ့ သတ်မှတ်ထားတဲ့ အစိုးရဆေးရုံတွေမှာ အခမဲ့ ထုတ်ပေးပါတယ်။

ဒုက္ခသည်စခန်းတွေမှာ HIV ပိုးနဲ့ အသက်ရှင်နေထိုင်ရတဲ့ မိသားစုတွေကို အခြားဒုက္ခသည်တွေနဲ့တန်းတူ ရိက္ခာခွဲတန်းပေးတဲ့အတွက် အခက်အခဲအချို့လည်း ရှိနေတယ်လို့ သိရပါတယ်။ Camp (ဒုက္ခသည်စခန်း) မှာ နေထိုင်သူ အများစုက ခွဲတန်းနဲ့ မလောက်ငှတဲ့အတွက် အပြင်ထွက်ပြီး လက်လုပ်လက်စား လုပ်ကိုင်ကြရပါတယ်။

"ကိုယ်က ကျန်းမာရေးမကောင်းတော့ အလုပ်ကြမ်းလည်း မလုပ်နိုင်ဘူးလေ။ ဒီနေ့တောင် ပန်းရံသွားလုပ်တယ်။ တစ်ခါမှ မလုပ်ဖူးဘူး။ ဒါပေမယ့် ကျန်းမာရေးမကောင်းတော့ အမောမခံနိုင်ဘူး" လို့ ဒေါ်ဂျာရော်က ပြောပါတယ်။

ကချင်ပြည်နယ်ဟာ မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါး သုံးစွဲမှု အမြင့်ဆုံးဒေသတစ်ခုဖြစ်ပါတယ်။

ဒါကြောင့် HIV ကူးစက်မှုမပျံ့ပွားဖို့အတွက် UNAIDSက ဦးဆောင်ပြီး ဒေသတွင်းက ပြည်တွင်း၊ ပြည်ပ NGO တွေနဲ့ ပူးပေါင်းပြီး ဆေးထိုးအပ်သစ် လဲလှယ်ပေးတဲ့အစီအစဉ်တွေ၊ မူးယစ်ဆေးဖြတ်ပေးတဲ့ စခန်းတွေဖွင့်တာတွေ၊ ပညာပေးရေး အစီအစဉ်တွေ လုပ်ဆောင်ပေးနေသလို ပက်ဂျေဆန် (Petjasan) လို့ လူသိများတဲ့ ကချင်လူထုအခြေပြု ဘိန်းခင်းတိုက်ဖျက်ရေးအဖွဲ့ကလည်း ကချင်ပြည်နယ်အတွင်း ဘိန်းခင်းဖျက်တာတွေကို အထိက ဦးစားပေးလုပ်နေသလို နှစ်ခြင်း အသင်းတွေအနေနဲ့လည်း မူးယစ်ဆေးဝါးဖျက်ပေးတဲ့ စခန်းဖွင့်ထားတာ ပြုလုပ်ပေးနေပေမယ့် မူးယစ်ဆေးသုံးစွဲသူ အရည်အတွက် သိသိသာသာ လျော့ကျခြင်း မရှိသေးသလို HIV ပိုး ကူးစက်ခံရမှုဟာလည်း သိသိသာသာ လျော့ကျမှု မရှိသေးဘူးလို့ အဖွဲ့အစည်းတွေက ပြောပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာရှိတဲ့ မူးယစ်ဆေးစွဲရောဂါ သုတေသနအသင်း (Substance Abuse Research Association – SARA)  ဆေးခန်းအခြေပြု စစ်တမ်းများအရ မူးယစ်ဆေးထိုးသွင်းသူ ၁၀ ဦးမှာ ၃ ဦးဟာ HIV Positive ဖြစ်ပွားနေတယ်လို့ SARA ရဲ့ ဒါရိုက်တာ ဒေါက်တာထွန်းထွန်းဘရန်က မဇ္ဈိမကို ပြောပါတယ်။

Petjasanက ဝိုင်းမော်ဒေသ အတွင်းရေးမှူး ဦးဒေါင်ခေါင်းကလည်း "ကျွန်တော်တို့ ကချင်နှစ်ခြင်းအဖွဲ့ချုပ်အတွက်တော့ မူးယစ်ဆေးဝါးကနံပါတ် ၁ ရန်သူပဲ။ နံပါတ် ၁ ရန်သူဖြစ်တဲ့ မူးယစ်ဆေးဝါးကိုသွားမစတာတော့ အကောင်းဆုံးပဲလို့ ကျွန်တော်တော့ အဲဒီလိုပဲခံယူတယ်။ သွားစမိပြီဆိုရင်တော့ အိမ်ထောင်၊ မိသားစုသာမကဘူး လူထုအားလုံးပေါ့၊ တော်တော်လေးကို စိတ်ဆင်းရဲရတာပေါ့ဗျာ။ တစ်ယောက် ဖြစ်ပြီဆိုတာနဲ့ အားလုံးစိတ်ဆင်းရဲရတာပဲ။ မသုံးစွဲတာတော့ အကောင်းဆုံးပါပဲ။" လို့  ပြောပါတယ်။

Petjasan အဖွဲ့က ဒုက္ခသည်စခန်းတွေမှာတော့ ဘိန်းဖျက်ပေးတာမျိုး မရှိပေမယ့် ဒုက္ခသည်စခန်းတွေအတွက် တင်းကြပ်တဲ့ စည်းကမ်းချက်အနေနဲ့ မူးယစ်ဆေးသုံးစွဲတာတွေ့ခဲ့ရင် စခန်းကနေ နှင်ထုတ်တဲ့အထိ အရေးယူမယ်လို့ သတိပေးထားသလို နှင်ထုတ်ခဲ့တဲ့ဖြစ်ရပ်တွေလည်း ရှိတယ်လို့ ဆိုပါတယ်။

ဂျာမိုင်ကောင်း (စိန်ပေါ) ဒုက္ခသည်စခန်း တာဝန်ခံ ဒေါ်ရွယ်ဂျာကလည်း ၂၀၁၄ဝန်းကျင်အထိ Camp တွေထဲမှာ မူးယစ်ဆေးသုံးသူတွေ၊ အကြောထဲဆေးထိုးသူတွေ၊ ကော်ရှူသူတွေ ရှိခဲ့တဲ့အတွက် Camp က နှင်ထုတ်တဲ့အထိ အရေးယူမှုတွေကြောင့် အခုနောက်ပိုင်း Camp တွေမှာ မူးယစ်ဆေးသုံးသူကတော့ မရှိသလောက် ရှားသွားပြီလို့ ပြောပါတယ်။

"အစတုန်းကဆို Campထဲမှာ ပေါ်တင်လုပ်တဲ့သူတွေတောင်ရှိတယ်။ ဆေးထိုးအပ်တွေကို အများကြီးပဲ။ နောက်ပိုင်းကျ ဒေသခံ Petjasan နဲ့ ပူးပေါင်းတယ်။ သူတို့ကိုလည်းပြောထားတယ်။ မူးယစ်ဆေးသုံးစွဲရင် ဥပဒေအတိုင်း ရဲလက်အပ်မယ်ပြောထားတယ်။ မိသားစုတစ်စုကို မူးယစ်ရမ်းကားမှုနဲ့ Camp ထဲက ထုတ်လိုက်တာရှိတယ်" လို့ ၎င်းက ပြောပြပါတယ်။  

မူးယစ်ဆေးသုံးသူတွေကို အခုလို အရေးယူမှု ရှိပေမယ့် မူးယစ်ဆေးသုံးစွဲတဲ့ အမျိုးသားကြောင့် HIV ပိုးကူးစက်ခံရတဲ့ အမျိုးသမီးတွေအတွက်တော့ သီးသန့်အထောက်အပံ့တွေ လုံးဝ မရှိသေးဘူးလို့လည်းသိရပါတယ်။

"Camp မှာရှိတဲ့အမျိုးသမီးတွေကို ဘယ်လိုစီစဉ်ပေးမယ်ဆိုတာတော့ အစည်းအဝေးဆုံးဖြတ်ချက်နဲ့မှ လုပ်ပေးရမှာပေါ့။ တကယ်ကို သနားစရာတော့ ကောင်းပါတယ်။ သူတို့ကျတော့ စားဝတ်နေရေးရော တကယ်ကို ခက်ခဲတဲ့ မိသားစုတွေကို ကျွန်တော်တို့ စီစဉ်ပေးလို့ ရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က ရေရှည်မှာတော့ NGO နဲ့ဖြစ်ဖြစ် ဆက်သွယ်ပေးနိုင်ရုံလောက်ပေါ့။ ထောက်ပံ့ဖို့ ဆိုတာတော့ ကျွန်တော်တို့ ရေရှည်မဖြစ်နိုင်ပါဘူး။" လို့ Petjasanက ဝိုင်းမော်ဒေသ အတွင်းရေးမှူး ဦးဒေါင်ခေါင်းက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၅ခုနှစ် နောက်ဆုံးကိန်းဂဏန်းအရ HIV ပိုးရှိသူ ခန့်မှန်းလူဦးရေ ၂၁၀,၀၀၀ ရှိပြီး HIV ကူးစက်ခံရသူမှာ ၁၁,၀၀၀ ရှိကာ နေ့စဉ်နေ့တိုင်း HIV ကူးစက်ခံနေရသူမှာ အယောက် ၃၀ရှိတယ်လို့ UNAIDS ရဲ့ စာရင်းဇယားများအရ သိရပါတယ်။ ဒါ့အပြင် ARV ဆေးကုသမှု ရရှိသူမှာမူ တစ်သိန်းကျော်ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly