ကန်ပက်လက်တွင် စစ်ကောင်စီတပ်ဖွဲ့မှ ပစ်ခတ်မှုကြောင့် ဒေသခံ ၁ ဦး ဒဏ်ရာရ

By ပါခွီး (မဇ္စျိမ)
03 July 2023
ကန်ပက်လက်တွင် စစ်ကောင်စီတပ်ဖွဲ့မှ ပစ်ခတ်မှုကြောင့် ဒေသခံ ၁ ဦး ဒဏ်ရာရ

ချင်းပြည်နယ်၊ ကန်ပလက်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ဒေသခံတဦး ဒဏ်ရာရရှိသွားကြောင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇူလိုင်လ ၂ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။

ကန်ပက်လက်မြို့ ၊ မြို့မရဲစခန်းအနီးတွင် ဖြတ်သန်းသွားလာနေသည့် ပြည်သူနှစ်ဦးကို ဇူလိုင်လ ၂ ရက် နေ့ နံနက် ၈ နာရီအချိန်က ပစ်ခတ်ခဲ့ရာ တဦး ကျည်ဆံထိမှန်ဒဏ်ရာ ရရှိသွားကြောင်း ဆိုသည်။

“သူက ကိုယ်ရေးကိုယ်တာ ကိစ္စနဲ့ ရွာကနေ ကန်ပက်လက်မြို့ကိုတက်လာတာ။ ကန်ပက်လက်ကနေ ရွာကိုပြန်တဲ့အချိန် သင်္ချိုင်းကုန်းလမ်းခွဲမှာ အပစ်ခံရတာ။ ခြေဖမိုးကိုထိထားတာ၊ အသက်အန္တရာယ် စိုးရိမ် စရာတော့ မရှိပါဘူး” ဟု CDF – Kanpetlet တာဝန်ရှိသူတစ်ဦးက မဇ္စျိမကိုပြောသည်။

အဆိုပါ အကြမ်းဖက်လုပ်ရပ်များကို အပြင်းအထန်ကန့်ကွက်ရှုတ်ချပါကြောင်းနှင့် မိဘပြည်သူများအနေ ဖြင့် အသွားအလာ သတိပြုနေထိုင်ကြရန်မေတ္တာရပ်ခံကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ကန်ပက်လက်မြို့အတွင်း လူမနေတော့သည့် အိမ်များကို ဖောက်ထွင်းပြီး ပစ္စည်း များခိုးယူနေမှုများရှိနေကြောင်း CDF – Kanpetlet တာဝန်ရှိသူကပြောသည်။

၎င်းတို့ တပ်ဖွဲ့အနေဖြင့်  ပြည်သူများကို မြို့ထဲတွင်နေထိုင်ခြင်းမပြုကြရန်နှင့် စစ်ဘေးရှောင်စခန်းများ လည်းဖွင့်လှစ်ထားကြောင်း အသိပေးထားသည်ဟု သိရသည်။

မြို့အတွင်း ပြုလုပ်သည့် စစ်ရေးလုပ်ဆောင်ချက်များကို ပြည်သူများအား အသိပေးချမပြနိုင်သောကြောင့် စစ်ကောင်စီတပ်ဖွဲ့နှင့်နီးသော အန္တရာယ်ရှိသည့်နေရာများကို ရှောင်ရှားကြရန်လည်း မေတ္တာရပ်ခံထား သည်။

၂၀၂၂ ခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့ကလည်း ကန်ပက်လက်မြို့နယ်၊ ခရစ်ယာန်ဂိုဏ်းပေါင်းစုံမှဦးဆောင်၍ သင်္ချိုင်းသန့်ရှင်းရေးပြုလုပ်ရန်သွားနေစဉ် အ.ထ.က ကျောင်းတွင် အထိုင်ချထားသည့် စစ်ကောင်စီတပ်ဖွဲ့ က ပစ်ခတ်သဖြင့် ကျည်ဆံထိမှန် ဒဏ်ရာ ရရှိခဲ့သည့်ဖြစ်ရပ် ဖြစ်ပွားခဲ့သေးသည်ဟု သိရသည်။

ယင်းသို့ ပြည်သူများကို ပစ်မှတ်ထား ပစ်ခတ်မှုများ ဆက်လက်လုပ်ဆောင်နေပါက ပြင်းထန်စွာ တုံ့ပြန် အရေးယူသွားမည်ဖြစ်ကြောင်း CDF – Kanpetlet က ထုတ်ပြန်ထားသည်။

စာတည်း။       ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly