စစ်ကောင်စီအပေါ် လက်တွေ့အရေးယူဆောင်ရွက်မှု အားနည်းပျက်ကွက်နေကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြော

By မဇ္ဈိမ 
03 July 2023
စစ်ကောင်စီအပေါ် လက်တွေ့အရေးယူဆောင်ရွက်မှု အားနည်းပျက်ကွက်နေကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြော

 

မြန်မာ့အရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝန်းက အခြေအနေအား ပိုမိုဆိုးရွားမသွားစေသင့်ကြောင်း ပြောကြားချက်များကို မကြာခဏ ကြားရလေ့ရှိပြီး ယင်းကို သဘောတူပေမယ့် လက်တွေ့အရေးယူဆောင်ရွက်မှု အားနည်းပျက်ကွက်နေတဲ့အပေါ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ထောက်ပြလိုက်ပါတယ်။

နယူးယောက်မြို့မှာကျင်းပတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့  နှစ်စဉ်အစီရင်ခံစာအား အထွေထွေညီလာခံသို့ တင်သွင်းရာမှာ အတည်ပြုတဲ့ မျက်နှာစုံညီအစည်းအဝေးမှာ  သံအမတ်ကြီး ဦးကျော်မိုးထွန်းက ထည့်သွင်းပြောကြားခြင်းဖြစ်ပါတယ်။ လုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေးဆုံးဖြတ်ချက်(၂၆၆၉)ကို လိုက်နာ အကောင်အထည်ဖော်ဆောင်ရွက်မှုအပေါ် စည်းနှောင်မှုပါဝင်တဲ့ နောက်ဆက်တွဲအရေးယူ ဆောင်ရွက်မှုများ လုပ်ဆောင်ရန်လည်း ထပ်လောင်းတောင်းဆိုခဲ့ပါတယ်။

မြန်မာ့အရေးအပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ တု့န်ပြန်ဆောင်ရွက်မှုဟာ စစ်အာဏာရှင်ရဲ့ အကြမ်းဖက်နှိပ်စက်ညှဉ်းပန်းမှုအား ခံစားနေရတဲ့  မြန်မာပြည်သူများအတွက် စိတ်ပျက်ရစေကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးက ပြောပါတယ်။

ကုလလုံခြုံရေးကောင်စီအနေနဲ့ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ ထုတ်ပြန်ချက် ခုနစ်စောင်နဲ့ ကောင်စီဥက္ကဋ္ဌ ထုတ်ပြန်ချက် တစ်စောင်ကို ထုတ်ပြန်ခဲ့ ပေမယ့်လည်း ယခု (၂)နှစ်ကျော်ကာလအတွင်း ကောင်စီမှ ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ပြီးတိုင်း စစ်တပ်ကသာ အကြမ်းဖက်ရက်စက်တဲ့  ပြစ်မှုများကိုသာ စဉ်ဆက်မပြတ် ကျူးလွန်ခဲ့ကြောင်း သံအမတ်ကြီးက ကုလသမဂ္ဂအထွေထွေညီလာခံသို့ ပြောကြားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly