စာသင်ကျောင်းတွင် အထိုင်ချနေသော စစ်ကောင်စီတပ်သားများ ဒရုန်းဖြင့် တိုက်ခိုက်ခံရ၍ ၂ ဦး သေဆုံး

By YT  ( မဇ္ဈိမ)
03 July 2023
စာသင်ကျောင်းတွင် အထိုင်ချနေသော စစ်ကောင်စီတပ်သားများ ဒရုန်းဖြင့် တိုက်ခိုက်ခံရ၍ ၂ ဦး သေဆုံး
ဓါတ်ပုံ- Justice Soldier-PDF

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့နွဲ့ကျေးရွာအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိုင်ချနေသော စာသင်ကျောင်းအား ဒရုန်းဖြင့် သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့ကြောင်း ကျားဖြူစစ်ကြောင်း တာဝန်ရှိသူထံမှ သိရသည်။

“ပြန်ပစ်တာရှိပါတယ်၊ စစ်ကောင်စီတပ်သားတွေက အခုနောက်ပိုင်း ဒရုန်းနဲ့ကင်းထောက်ပါတယ်။ ကင်း ထောက်ပြီးမှ လက်နက်ကြီးနဲ့ ပစ်တာတွေလုပ်တာပါ” ဟု ကျားဖြူစစ်ကြောင်းမှ တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

ဇွန်လ ၃၀ ရက်နေ့က ကော့ကရိတ်မြို့နယ်၊ ကော့နွဲ့ကျေးရွာအတွင်းရှိ မူလတန်းလွန် စာသင်ကျောင်း အတွင်း အင်အား ၃၀ ကျော်ဖြင့် အထိုင်ချနေသော စစ်ကောင်စီတပ်သားများအား ကျားဖြူစစ်ကြောင်း တပ်ရင်းရုံးလုံခြုံရေးတပ်ခွဲ (Southern Eagle- PDF )၊ ကျားဖြူ တပ်ခွဲ(၄)၊ ကျားဖြူတပ်ခွဲ(၅) (Justice Soldier-PDF) တို့က ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“စာသင်ကျောင်းက မူလတန်းလွန် စာသင်ကျောင်းပါ၊ ငါးတန်းကနေ ခုနစ်တန်းထိ သင်တဲ့ကျောင်းပါ၊ ကော့နွဲ့တရွာလုံး စစ်ရှောင်နေရပြီး  ရွာထဲမှာ စစ်ကောင်စီတပ်ဖွဲ့ပဲ နေပါတယ်။ ကျောင်းက ဒီနှစ် မဖွင့်ပါ ဘူး” ဟု ကျားဖြူစစ်ကြောင်းမှ တာဝန်ရှိသူကပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်ကလည်း ကော့ကရိတ်မြို့နယ်အခြေစိုက် ခလရ (၉၇) တပ်ရင်းအား ကျားဖြူ စစ်ကြောင်းက ၆၀ မမ လက်နက်ကြီးဖြင့် သွားရောက်ပစ်ခတ်ခဲ့ပြီး အဆိုပါပစ်ခတ်မှုကြောင့် တပ်ရင်း အတွင်းရှိ တပ်ကြပ်ကြီးတဦးနှင့် တပ်သားတဦး သေဆုံးကာ သုံးဦးထက်မနည်း ထိခိုက် ဒဏ်ရာရခဲ့ ကြောင်း သိရသည်။

စာတည်း။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required