KNU တပ်မဟာ (၆) နယ်မြေတွင် လက်နက်ကြီးကျည်ကျ၍ ဒေသခံ ၁ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရ

By YT  (မဇ္ဈိမ)
02 July 2023
KNU တပ်မဟာ (၆) နယ်မြေတွင် လက်နက်ကြီးကျည်ကျ၍ ဒေသခံ ၁ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရ

ကရင်ပြည်နယ်အတွင်းရှိ မြဝတီမြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တို့တွင် လက်နက်ကြီးကျည်ထိမှန်၍ ဒေသခံတစ်ဦး သေဆုံးကာ နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟို၏ ဇူလိုင်လ ၁ ရက်နေ့ ထုတ်ပြန်ချက်နှင့် ဒေသတွင်း သတင်းရင်းမြစ်များထံက သိရသည်။ 

ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်နေ့က မြဝတီမြို့နယ်၊ မဲကနယ်ကျေးရွာအုပ်စု အတွင်းသို့ စစ်ကောင်စီ ၏ ခြေလျင်တပ်ရင်း ခလရ (၂၇၅) မှ ၁၂၀ မမ လက်နက်ကြီး အမျိုးအစား လေးလုံးခန့် ပစ်ခတ်ခဲ့ကြောင်း KNU ဗဟို၏ ထုတ်ပြန်ချက်အရ သိရသည်။ 

အဆိုပါ လက်နက်ကြီးကျည်များအနက် တစ်လုံး ကျရောက်ထိမှန်မှုကြောင့် မဲကနယ်ကျေးရွာမှ အသက် ၇၆နှစ်အရွယ်ရှိ နော်ကာ့ညာ့ဖိုးနှင့် အသက် ၁၀ နှစ်အရွယ်ရှိ နော်အယ်ဖောခလိတို့ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ယင်းနေ့ ညပိုင်းတွင်ပင် ကြာအင်းဆိပ်ကြီးမြို့နယ်၌ စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ ဒေသခံတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်တစ်ဦးထံက သိရသည်။ 

"တဂေးရွာ၊ ဒေသအခေါ်ဆို တကူးခီးရွာပေါ့။ ရွာအပြင်ဘက်ကို နှစ်လုံးကျတယ်၊ ဒေသခံတစ်ဦး သေဆုံးပါတယ်။ တိုက်ပွဲတော့ ရှိသံမကြားမိဘူး လက်နက်ကြီးနဲ့ ပစ်သံပဲကြားတယ်" ဟု ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ သတင်းရင်းမြစ်တစ်ဦးက မဇ္ဈိမကိုပြောသည်။ 

ကြာအင်းဆိပ်ကြီးမြို့နယ်အခြေစိုက် ခလရ (၂၈၃) မှ ပစ်ခတ်သော ၁၂၀ မမ အမျိုးအစား လက်နက်ကြီးကျည်များအနက် တစ်လုံးသည် ကြာအင်းဆိပ်ကြီးမြို့နယ်၊ တဂေးကျေးရွာ ရာဘာခြံတစ်ခြံအတွင်း ကျရောက်ပေါက်ကွဲခဲ့၍ ထိုခြံအတွင်း နေထိုင်သော အသက် ၄၀ ကျော်အရွယ်ရှိ အမျိုးသားတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့ရခြင်းဖြစ်သည်။ 

မြဝတီမြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တို့သည် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေအတွင်း တည်ရှိပြီး စစ်ကောင်စီတပ်ဖွဲ့က နေ့စဉ်နှင့်အမျှ လက်နက်ကြီးများ ပစ်ခတ်နေသောကြောင့် ဒေသခံများ၏ အသက်အိုးအိမ်၊ စည်းစိမ်များ ပျက်စီးဆုံးရှုံးနေရကြောင်း KNU ဗဟိုက ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။ 

၂၀၂၃ ခုနှစ်၊ မေလအတွင်း KNU တပ်မဟာ (၆) နယ်မြေ၌ စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် ဒေသခံ သုံးဦးသေဆုံး၍ ၁၇ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

စာတည်း။         ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required