ခင်ဦးတွင် ကျေးရွာအတွင်းဝင်စီးနင်းသည့် စစ်ကောင်စီစစ်ကြောင်းကို ကာကွယ်‌ရေးတပ်ဖွဲ့က တန်ပြန်တိုက်ခိုက်ရာ ပြန်ဆုတ်ခွာသွားဟုဆို

By MTO (မဇ္ဈိမ)
02 July 2023
ခင်ဦးတွင် ကျေးရွာအတွင်းဝင်စီးနင်းသည့် စစ်ကောင်စီစစ်ကြောင်းကို ကာကွယ်‌ရေးတပ်ဖွဲ့က တန်ပြန်တိုက်ခိုက်ရာ ပြန်ဆုတ်ခွာသွားဟုဆို

ခင်ဦးမြို့နယ်၊ အောင်ချမ်းသာကျေးရွာကို ဝင်ရောက်စီးနင်းနေသည့်  စစ်ကောင်စီနှင့်ပျုစောထီးပူးပေါင်းစစ်ကြောင်းအား  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တန်ပြန်တိုက်ခိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ခင်ဦးမြို့နယ်၊ အင်းပတ်ကွေးရွာမှ စစ်ကောင်စီတပ်ဖွဲ့ နှင့်ရွာသစ်ကုန်းပျူရွာမှ ပျု‌စောထီးပူးပေါင်းအင်အား ၃၀ ခန့်က  အောင်ချမ်းသာကျေးရွာကို  ယနေ့ဇူလိုင်လ ၂ ရက်နေ့ မနက်အစောပိုင်းတွင် ဝင်ရောက်စီးနင်းခဲ့ခြင်းဟု  ‌ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်သည်။

“ အမျိုးသားလေးဦးကို အဓိကဖမ်းပြီး ရိုက်နှက်စစ်ဆေးခဲ့တယ်ပေါ့နော်။အဲ့ထဲက အသက် ၆၁ နှစ်အရွယ်အဖိုးအိုတစ်ဦးရဲ့ ဘယ်ဘက်ပေါင်ကို တေ့ပြီးပစ်သွားတယ်"ဟု ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ကိုနေသူရက ပြောသည်။

ရွာအတွင်းမှ စစ်ကောင်စီနောက်ချန်စစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာသွားပြီး  ဒဏ်ရာရအဖိုးအိုကိုလည်း ကယ်တင်နိုင်ခဲ့သည်ဟု ကိုနေသူရက ပြောသည်။

“ နောက်ချန်အဖွဲ့ကိုကာကွယ်ရေးတပ်ဖွဲ့က ဝင်တိုက်တော့ သူတို့က ချက်ခြင်းပြန် ဆုတ်သွားတာ။ အဲ့ဒါကြောင့်မို့ အဖိုးအိုကတော့ အသက်ဘေးကလွတ်သွားတယ်။ ဒါပေမဲ့ခြေထောက်က ဖြတ်ရမယ့်အနေအထားဖြစ်သွားတယ်” ဟု ၎င်းကဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့သည့် နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် အောင်ချမ်းသာကျေးရွာမှ ပြန်လည်ဆုတ်ခွာသွားပြီး ကျေးရွာအတွင်းမှ စားနပ်ရိက္ခာများကို ရသမျှ ယူဆောင်သွားကြောင်း ဒေသခံတစ်ဦးကပြောသည်။

" သူ့တို့က အဲ့လိုနဲ့ ရိက္ခာရှာတာ။ ဘယ်လိုဖွက်ဖွက် မရဘူး။‌ ဆန်တွေ၊ပဲတွေကို  ‌မြေကြီးထဲ တူးမြုပ်ထားရင်တောင် သူတို့ယူလို့မရရင် ဖျက်ဆီးသွားတာ" ဟု ဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီစစ်‌ကြောင်းသည်ပြန်လည်ဆုတ်ခွာစဉ်  လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် အင်းပတ်ကျေးရွာမှ ဒေသခံတစ်ဦး လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့ပြီး နွားနှစ်ကောင်သေဆုံးခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်သည် ခင်ဦးမြို့နယ်အတွင်း ဇွန်လတတိယလပတ်မှစတင်ကာ တကျော့ပြန် ‌စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။ ခင်ဦးမြို့မြောက်ခြမ်းတိုက်နယ် (၅) ဘက်တွင်လည်း  အင်အား ၁၀၀ ခန့်ရှိ‌သော
စစ်ကောင်စီစစ်ကြောင်းကြောင့် အိုက်ပေါက်ကြီးရွာနှင့်အနီးအနားဝန်းကျင်ကျေးရွာများမှ ဒေသခံ ၄,၀၀၀ နီးပါးခန့်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။

ပြီးခဲ့သည့်ဇွန်လ ၂၇ရက်နှင့် ၂၈ရက်နေ့တွင် ခင်ဦးမြို့နယ်အတွင်း စစ်ကြောင်းနှစ်ကြောင်းခွဲ၍ ဝင်လာသော စစ်ကောင်စီတပ်ကို ‌Black Wolf – Army ၊ Who Am I ၊ Forest Fighter – Army အပါအဝင် ခင်ဦးမြို့နယ် တော်လှန်ရေးအင်အားစုများက ဒရုန်းဖြင့်တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား ငါးဦးသေဆုံးခဲ့ကြောင်း Black Wolf – Army က ဇွန်လိုင်လ ၁ရက်နေ့တွင်ထုတ်ပြန်ထားသည်။

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required