စစ်ကိုင်းတိုင်း ၊ ခင်ဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် တပ်ကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ငါးဦးသေဆုံးခဲ့ကြောင်း Black Wolf – Army က ဇူလိုင်လ ၁ရက်နေ့တွင် ထုတ်ပြန်သည်။
ခင်ဦးမြို့နယ်အတွင်းသို့ စစ်ကြောင်းတစ်ကြောင်းလျှင် အင်အား ၆၀ပါသော စစ်ကြောင်း နှစ်ကြောင်းကို ဇွန်လ ၂၇ရက်နှင့် ၂၈ရက်နေ့များတွင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်းဆိုသည်။
“ကျနော်တို့ စစ်ကြောင်း နှစ်ကြောင်းလုံးကို ဗုံးချတိုက်ခိုက်ခဲ့တာပါ။ လတ်တလော အခြေအနေမှာ စစ်ရေးတင်းမာနေပါတယ်” ဟု Black Wolf – Army တာဝန်ရှိသူက မဇ္စျိမကိုပြောသည်။
ဒရုန်းဖြင့် ဗုံးသီးလေးလုံးချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ အထိအခိုက်မရှိကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို Black Wolf – Army နှင့်အတူ မဟာမိတ်တပ်ဖွဲ့များဖြစ်သော Who Am I ၊ Forest Fighter – Army နှင့် ခင်ဦးမြို့နယ် တော်လှန်ရေးအင်အားစုများ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
စစ်ကောင်စီတပ်က ထိုသို့ စစ်ကြောင်းထိုးနေ၍ ခင်ဦးမြို့နယ် အနောက် တောင်ခြမ်းနှင့် မြောက်ခြမ်းမှ ဒေသခံ ၄,၀၀၀ ကျော် နေရပ်စွန့်ခွာ တိမ်းရှောင်နေရကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ယနေ့ ဇူလိုင်လ ၂ ရက် ထုတ်ပြန်ထားသည်။
စာတည်း။ ။အောင်ကျော်ဖြိုး