မြန်မာ၌ လူ့အခွင့်အရေးအခြေအနေက ‘စိုးရိမ်ဖွယ်ရာ” ဖြစ်နေဟု ကုလ ပြော

မြန်မာ၌ လူ့အခွင့်အရေးအခြေအနေက ‘စိုးရိမ်ဖွယ်ရာ” ဖြစ်နေဟု ကုလ ပြော

မြန်မာနိုင်ငံ၏ လူသားချင်းစာနာမှုနှင့် လူ့အခွင့်အရေး အခြေအနေတို့က “ကြောက်မက်ဖွယ်ရာ” အဆင့်များအထိ ရောက်ရှိနေခဲ့ကြောင်း ကုလသမဂ္ဂက ဇွန်လ ၃၀ ရက်တွင် ပြောသည်။ ထို့ပြင် မုန်တိုင်းဆိုင်ရာ အသက်ကယ် အကူအညီများ ပေးပို့ရောက်ရှိစေမှုအပေါ် ဟန့်တားနေခြင်းအတွက် အာဏာသိမ်းစစ်ကောင်စီကို ကုလက ပြင်းပြင်းထန်ထန် ဝေဖန်သည်။

၂၀၂၁ ခုနှစ်တွင် စစ်တပ်က ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းပြီးကတည်းက နိုင်ငံသည် ဝရုန်းသုန်းကား အခြေအနေအောက် ကျရောက်နေသည်။

အာဏာသိမ်းစစ်တပ်နှင့် ၎င်းတို့ကို ဆန့်ကျင်တော်လှန်တိုက်ခိုက်သူများအကြား တိုက်ပွဲများက နိုင်ငံ၏ နေရာဒေသအများအပြားတွင် ဖြစ်ပေါ်နေခဲ့သည်။

မြန်မာစစ်တပ်သည် အခြားသော ထည့်တွက်စဉ်းစားရမည့် အချက်အားလုံးထက် ၎င်းတို့၏ ရည်ရွယ်ချက်များကိုသာ ဆက်လက်ဦးစားပေးနေသည်” ဟု ကုလ လူ့အခွင့်အရေးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ရာဗီနာ ရှာမ်ဒါဆာနီက မီဒီယာ တွေ့ဆုံပွဲတစ်ခုတွင် ပြောသည်။

“မြန်မာရဲ့ အလုံးစုံ လူသားချင်းစာနာမှုနဲ့ လူ့အခွင့်အရေး အခြေအနေတွေက ကြောက်မက်ဖွယ် အဆင့်တွေဆီ ရောက်တဲ့အထိ ယိုယွင်းဆိုးရွားနေခဲ့ပါတယ်။ ဒါ့အပြင် အကူအညီတွေ အသည်းအသန် လိုအပ်နေသူတွေထံ အသက်ကယ် လူသားချင်းစာနာမှု အကူအညီတွေ ရောက်ရှိစေမှုအပေါ် တားဆီးဟန့်တားတဲ့ စစ်တပ်ရဲ့ ဗျူဟာကြောင့်လည်း အခြေအနေတွေကို ပိုမို ဆိုးဝါးစေလျက် ရှိတယ်” ဟု ရှာမ်ဒါဆာနီက ပြောသည်။

“စစ်တပ်အနေနဲ့ နိုင်ငံမှာ အကျပ်အတည်းတစ်ခု ပေါ်ပေါက်ချိန်မှာ အရပ်သားပြည်သူတွေကို အကူအညီပေးဖို့နဲ့ အကူအညီတွေ ပေးပို့ရောက်ရှိစေဖို့အတွက် ပံ့ပိုးဆောင်ရွက်ပေးရမယ့်အစား၊ ပြည်သူတွေကို အကာအကွယ်ပေးဖို့ လိုတဲ့အချက်ကို လေးစားလိုက်နာရမယ့်အစား၊ ခုချိန်မှာ အကူအညီတွေ ပံ့ပိုးပေးအပ်နေသူတွေကပဲ စစ်ကောင်စီကို ဆန့်ကျင်သူတွေဆီ အကူအညီတွေ ပေးနေသလိုမျိုး ဖြစ်အောင် စစ်တပ်ဘက်က လုပ်ဆောင်နေခဲ့တယ်”

မေလက ဆိုင်ကလုန်း မိုခါ တိုက်ခတ်ပြီးနောက် လိုအပ်နေသည့် အကူအညီများအပေါ် ကန့်သတ်ပိတ်ပင်ခြင်းက နိုင်ငံအနောက်ပိုင်းနှင့် အနောက်မြောက်ပိုင်း ဒေသများ၌ “ဒုက္ခ ဆင်းရဲများ” ကို ထပ်မံ ဖြစ်ပေါ်စေသည်ဟု ရှာမ်ဒါဆာနီက ပြောသည်။

လူသားချင်းစာနာမှု အကူအညီများကို တမင်ရည်ရွယ် ပိတ်ဆို့ဟန့်တားခြင်း သို့မဟုတ် ငြင်းဆန်ခြင်းက အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ဥပဒေနှင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှု ဥပဒေအပေါ် ကြီးလေးစွာ ချိုးဖောက်ရာ မြောက်နိုင်သည်။

ကုလ လူ့အခွင့်အရေး အကြီးအကဲ ဗောလ်ကာ တာ့ခ်သည် မြန်မာနိုင်ငံ အခြေအနေနှင့် ပတ်သက်၍ အစီရင်ခံစာတစ်ရပ်ကို စီစဉ်ပြုလုပ်ထားပြီး ဗုဒ္ဓဟူးနေ့တွင် လူ့အခွင့်အရေးကောင်စီထံ တင်ပြသွားမည်ဖြစ်သည်။

အာဏာသိမ်းစစ်တပ်ကြောင့် အရပ်သားပြည်သူ ထောင်နှင့်ချီ သေဆုံး ၊ ထိခိုက်ဒဏ်ရာရခဲ့သလို စစ်တပ်သည် အစားအစာ၊ အမိုးအကာနှင့် ဆေးကုသမှုစင်တာများ အပါအဝင် အသက်ရှင်သန်ရေးအတွက် လိုအပ်သော အခြေခံအဆောက်အအုံနှင့် ပစ္စည်းများကို ဖျက်ဆီးခဲ့ကြောင်း အစီရင်ခံစာတွင် ပြောသည်။

ခန့်မှန်းခြေ လူ ၁ သန်းခွဲ ခန့်သည် ပြည်တွင်း၌ နေရပ်စွန့်ခွာထွက်ပြေးထားကြရပြီး အရပ်ဖက် အဆောက်အအုံ ၆၀,၀၀၀ ခန့်သည်လည်း မီးရှို့ခံရ သို့မဟုတ် ဖျက်ဆီးခံထားရသည်ဟု သိရကြောင်း အစီရင်ခံစာတွင် ဖော်ပြသည်။

စုစုပေါင်း လူဦးရေ၏ သုံးပုံတစ်ပုံခန့် သို့မဟုတ် လူပေါင်း ၁၇ ဒသမ ၆ သန်းကျော်သည် လူသားချင်းစာနာမှု အကူအညီများကို တစ်နည်းတစ်ဖုံဖြင့် လိုအပ်လျက် ရှိသည်။

“၂၀၂၁ ဖေဖေါ်ဝါရီနဲ့ ၂၀၂၃ ဧပြီအကြားမှာ စစ်တပ်နဲ့ ၎င်းတို့နဲ့ နှီးနွယ်ဆက်စပ်တဲ့အဖွဲ့တွေရဲ့ လက်ထဲမှာ လူပေါင်း ၃,၄၅၂ ဦးထက်မနည်း သေဆုံးခဲ့ရတယ်ဆိုတာကို ခိုင်လုံစိတ်ချရတဲ့ သတင်းရင်းမြစ်တွေက အတည်ပြုပါတယ်” ဟု အစီရင်ခံစာတွင် ဖော်ပြသည်။

ထို့ပြင် “လူပေါင်း ၂၁,၈၀၇ ဦး ဖမ်းဆီးထိန်းသိမ်းခံရပြီး လူ ၅,၈၃၉ ဦးသည် တရားရေးဆိုင်ရာ အာမခံချက်များအပေါ် လေးစားလိုက်နာခံရခြင်း မရှိဘဲ ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်။ ထို့ပြင် လူ ၁၅၄ ဦး သေဒဏ်ချမှတ်ခံခဲ့ရပြီး လေးဦး သေဒဏ်စီရင်ကွပ်မျက်ခြင်းခံခဲ့ရသည်” ဟု ဖော်ပြသည်။

လူ့အခွင့်အရေးကောင်စီသည် လာမည့်သီတင်းပတ်တွင် မြန်မာ့အရေးနှင့်ပတ်သက်ပြီး ဆွေးနွေးသွားရန် ရှိသည်။

Myanmar human rights situation 'alarming', says UN
https://www.mizzima.com/article/myanmar-human-rights-situation-alarming-...

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required