လေကြောင်းရန်ကာကွယ်ရန်အတွက် ဗုံးခိုကျင်း ၁၂၀၀ နီးပါး တူးပြီးပြီဟု NUGကြေညာ

By မိုး‌သောက် မဲဆောက်(မဇ္ဈိမ)
02 July 2023
လေကြောင်းရန်ကာကွယ်ရန်အတွက် ဗုံးခိုကျင်း ၁၂၀၀ နီးပါး တူးပြီးပြီဟု NUGကြေညာ

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်ကိုကာကွယ်နိုင်ရန်အတွက် ဗုံးခိုကျင်း ၁,၁၇၅ကျင်း တူးထားပြီးဖြစ်ကြောင်း အမျိုးသားညီညွတ်‌ရေးအစိုးရ NUG၏ လူသားခြင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဆိုင်ရာ ဝန်ကြီးဌာနက ဇူလိုင်လ ၁ရက်တွင် ထုတ်ပြန်ကြေညာသည်။

စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းတိုက်ခိုက်မှုများကို မြန်မာနိုင်ငံအနှံ့အပြားတွင် နေ့စဉ်ရက်ဆက်ပြုလုပ်နေသည့်အတွက် မြေပြင်ရှိ ပြည်သူ့အခြေပြုစာသင်ကျောင်းများနှင့်  ကျောင်းများတည် ရှိရာဒေသများတွင် လေကြောင်းရန်နှင့် လက်နက်ကြီးအန္တရာယ်မှ ကာကွယ်ရန် ဗုံးခိုကျင်းများ တူးပေးနေခြင်းဖြစ်သည်။

“ CDM များ စေတနာအားနဲ့အတူ၊ ဗုံးကျည်ဆန်ကြားက ကလေးငယ်များကို ဝိုင်းလို့ကူ" အစီအစဥ်ဖြင့်လည်း ဗုံးခိုကျင်းများ တူးပေးခဲ့ကြောင်း သိရသည်။ ထိုအစီအစဥ်မှရရှိသည့် ရန်ပုံငွေဖြင့် ဗုံးခိုကျင်း ၈၃၆ ကျင်း၊ ပြည်သူများ၏ ဆက်လက်လှူဒါန်းမှုဖြင့် စစ်ရှောင်စခန်းများတွင် ဇွန်လအတွင်း ၃၃၉ ကျင်း စုစုပေါင်း ၁၁၇၅ ကျင်း တူးထားပြီးဖြစ်သည်။
စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် တနင်္သာရီတိုင်းရှိ စစ်ရှောင်စခန်းများတွင် တူးပေးထားခြင်းဖြစ်ကြောင်း သိရသည်။ 

စစ်ကောင်စီ၏ ထိန်းချုပ်မှုမရှိသည့် နေရာများတွင် မြေပြင်ကျောင်းများ ဖွင့်ထားသော်လည်း စစ်ကောင်စီ၏ လေကြောင်းနှင့် စစ်ကြောင်းအန္တရာယ်ကို ရှောင်ရှားပြီး စာသင်ကြားနေရကြောင်း မြေပြင်တော်လှန်ရေးအဖွဲ့များထံက သိရသည်။

“မြောင်မြို့နယ်ထဲမှာတော့ လေယာဉ်နဲ့ ပတ်သက်တဲ့ စာသင်ကျောင်းတွေကို ပစ်မှတ်ထားပြီးတော့ ပဇီကြီးတို့လို ၊ဒီပဲယင်းတို့လိုတော့ ကျနော်တို့မြောင်မှာတော့ မရှိသေးဘူး”ဟု မြောင်ပညာရေးကွန်ရက်မှ ဆရာရတနာသိင်္ခက ပြောသည်။

၎င်းတို့ဖွင့်လှစ်နေသည့် ကျောင်းများတွင် လေကြောင်းရန် ကာကွယ်ရန် “လေယာဥ်ပျံတွေလာရင်” ဟူသည့်ခေါင်းစဉ်ဖြင့် အသိပညာ‌ပေးခြင်းများပြုလုပ်နေသည့်အပြင်  NUG၏ ပညာရေးဝန်ကြီးဌာနကလည်း လေကြောင်းရန်ကာကွယ်ရန်အတွက် ဗုံးခိုကျင်းများ တူးပေးကြောင်း ၎င်းကဆက်ပြောသည်။

NUG၏ပညာရေးဝန်ကြီး‌ ဒေါက်တာဇော်ဝေစိုးက‌ ကျောင်းတိုင်းတွင် ဗုံးခိုကျင်းများ တူးထားပြီး ဗုံးခိုကျင်းတစ်ခုလျှင် မြန်မာငွေ ကျပ်ငါးသောင်းဝန်းကျင် အသုံးပြုထားသည်ဟု VOAနှင့် အင်တာဗျူးတွင် ဖြေကြားခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ လက်အောက်တွင် မြေပြင်ကျောင်းစုစုပေါင်း ၅,၀၀၀ကျော် ရှိနေပြီး ကျောင်းသားကျောင်းသူ ၇၅၀,၀၀၀ဦး ပညာသင်ကြားနေကြောင်း အစိုးရ၏ နှစ်နှစ်ပြည့်အစီရင်ခံစာတွင် ဖော်ပြထားသည်။

စာတည်း။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly