ပန်းသပိတ်ပြုလုပ်သည်ဟုဆိုကာ ဖမ်းဆီးခံရသူ ကံပေါက်ဒေသခံ ၆ ဦး ပြန်လွတ်လာ

By ကိုရွှေမြိတ် (မဇ္ဈိမ)
02 July 2023
ပန်းသပိတ်ပြုလုပ်သည်ဟုဆိုကာ ဖမ်းဆီးခံရသူ ကံပေါက်ဒေသခံ ၆ ဦး ပြန်လွတ်လာ

ရေဖြူမြို့နယ်၊ ကံပေါက်ဒေသတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ် ပန်းသပိတ်ပြုလုပ်သည်ဟုဆိုကာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားသူ ခြောက်ဦး ပြန်လည်လွတ်မြောက်လာသည်ဟု သတင်းရရှိသည်။

ကံပေါက်ဒေသ၊သီရိမင်္ဂလာရပ်ကွက်မှ ဇနီးမောင်နှံနှစ်ဦးနှင့်ဖောင်းတောကျေးရွာမှ အမျိုးသမီးလေးဦးသည် ဇွန်လ ၃၀ ရက်နေ့ ညတွင် ပြန်လည်လွတ် မြောက်လာသည်ဟု ဒေသခံများကပြောသည်။ ၎င်းတို့သည် ဇွန်လ၁၉ ရက်နှင့် ဇွန်လ၂၀ ရက်ညပိုင်းတွင် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံခဲ့ရပြီး ၁၀ရက် ကျော်ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်ဟု သိရသည်။

“အားလုံးကတော့ ကျန်းကျန်းမာမာဆိုပေမယ့် ၁၁ ရက်ကြာ ဖမ်းဆီးစစ်ဆေးခံရထားတော့ ကိုယ်ခန္တာ နည်းနည်း ဝိတ်ကျသွားတာပဲ ရှိတယ်”ဟု ပြန်လည် လွတ်မြောက်လာသူများနှင့် နီးစပ်သူ တစ်ဦးကပြောသည်။

ခြောက်ဦးစလုံးသည် မောရဝတီ ရေတပ်ဌာနချုပ်တွင် ၁၁ ရက် ခန့် အကြာဖမ်းဆီးစစ်ဆေးခံခဲ့ရသည်ဟုသိရသည်။ 

ပြီးခဲ့သည့် ဇွန်လ ၁၉ရက်က ကျရောက်ခဲ့သော  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ ၇၈နှစ်မြောက်မွေးနေ့တွင် ပန်းသပိတ်ပြုလုပ်သည်ဟုဆိုကာ အနုပညာရှင်အချို့အပါ အဝင် ရန်ကုန်၊မန္တလေးနှင့် မြို့အချို့မှ အရပ်သားပြည်သူ ၁၀၀  ကျော်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။ ပြန်လည်လွတ်မြောက်လာသူများရှိသော် လည်း အချို့သည် အကြမ်းဖက်ဥပဒေဖြင့် အမှုဖွင့်ခံလိုက်ရသည်။ ထိုကဲ့သို့ ဖမ်းဆီးသည့် လုပ်ရပ်သည် ပရော်ဖက်ရှင်နယ်စစ်တပ်တစ်တပ်၏ လုပ်ရပ်မဟုတ်ကြောင်း ဟာဝိုင်အီပြည်နယ်၊အာရှ-ပစိဖိတ်လုံခြုံရေးဆိုင်ရာလေ့လာရေးဌာန၏ပါမောက္ခ ဒေါက်တာမီမီဝင်းဘတ်က စစ်ကောင်စီအား ပြစ်တင်ရှုတ်ချခဲ့သည်။

ကံပေါက်ဒေသတွင် ယခုရက်ပိုင်းအတွင်း စစ်ရေးတည်ငြိမ်နေသော်လည် မောရဝတီ ရေတပ်ဌာနချုပ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့လက်နက်နှင့်အတူ ထွက်ပြေးသွားကြောင်း ကောလာဟလသတင်းများ ထွက်ပေါ်နေသည်။ ထို့ကြောင့် ကံပေါက်ဒေသအနီးရှိ  ပယရွာ၊ ဇာဒီရွာ၊ ဘုရားမဲရွာ၊ ဂန့်ဂေါ်တောင်ရွာများကို စစ်ကောင်စီက ပိတ်ဆို့ပြီး စစ်ဆေးနေသည်ဟု ဒေသခံများကပြောသည်။

စာတည်း - မောင်ကြီး
#mizzima
#ရေဖြူမြို့နယ်
#ကံပေါက်ဒေသ
#ပန်းသပိတ်
28m

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly