ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးကြောင့် ဒေသခံ ရာချီပြီး ကျူးကျော်လို့ စွပ်စွဲဖယ်ရှားခံရ

ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးကြောင့် ဒေသခံ ရာချီပြီး ကျူးကျော်လို့ စွပ်စွဲဖယ်ရှားခံရ

ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး စေခိုင်းချက်နဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ သူတို့ရဲ့ လက်အောက်ခံတွေဟာ မော်လမြိုင်ကျွန်းမြို့ ဒေသခံ ၁၀၀ ကျော်ကို  ကျူးကျော်လို့ စွပ်စွဲပြီး ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နေ့က ဖယ်ရှားခဲ့ပါတယ်။ 

အထက်ညွှန်ကြားလို့ဆိုပြီး  မော်လမြိုင်ကျွန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးသီဟဇော်နဲ့ ဌာနဆိုင်ရာတွေ ပူးပေါင်းပြီး မော်လမြိုင်ကျွန်းမြို့အရှေ့ဘက်ကမ်းနားက သောင်တိုးမြေပေါ်မှာနေထိုင်တဲ့ ပြည်သူတွေကို အတင်းအကျပ် အမိန့်ပေးပြီး နေအိမ်တွေဖျက်သိမ်းစေခဲ့တာပါ။  

ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးကို လိပ်မူပြီး  မော်လမြိုင်ကျွန်းမြို့က စစ်ကောင်စီဒေါက်တိုင် ဆန်စက်ပိုင်ရှင် ခရိုနီတွေက သောင်တိုးမြေပေါ်က ကျူးကျော်တွေကို ဖယ်ရှားသင့်ကြောင်း တိုင်ကြားခဲ့တာကို ကျွန်တော်တို့ သိခဲ့ရပါတယ်။

တစ်ကယ်တော့ ကျွန်တော်တို့က ၂၀၁၂ ခုနှစ် နောက်ပိုင်းမှာ မော်လမြိုင်ကျွန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးရဲ့ အကြီးပိုင်းတွေက သောင်တိုးမြေကို အကွက်ရိုက်ရောင်းလို့ ယုံကြည်စိတ်ချပြီး ဝယ်ယူနေထိုင်မိကြသူတွေပါ။ 

ဝယ်ယူနေထိုင်ပြီး နောက်ပိုင်းမှာလည်း အဲ့ဒီ  အထွေထွေအုပ်ချုပ်ရေးမှူးရုံးဝန်ထမ်းတွေနဲ့ အာဏာပိုင်တွေက ကျွန်တော်တို့ကို ခဏခဏ ဖယ်ခိုင်းပါတယ်။ အဲ့အချိန်မှာ ကျွန်တော်တို့က ငွေပေးလိုက်ရင် ထပ်ပြီး မဖယ်ခိုင်းဘဲ ဆက်လက် နေခွင့်ပြုပါတယ်။ တနည်းအားဖြင့် သူတို့ရောင်းတဲ့ မြေပေါ် နေတဲ့သူကို နေထိုင်ခွင့်အတွက် ဆက်လက်ခြိမ်းခြောက်ပြီး တစ်ဖက်လှည့်နဲ့ ငွေညှစ်ခဲ့ကြတာပါ။ 

အခုကျွန်တော်တို့ မိုးရာသီကာလ မိုးထဲရေထဲမှာ ဒုက္ခရောက်နေကြရပါတယ်။  တိုင်ကြားကြတဲ့ ဆန်စက်ပိုင်ရှင်တွေကလည်း  သောင်တိုးမြေနဲ့ပတ်သက်ပြီး ကိုယ်ပိုင်အကျိုးစီးပွားမျှော်ကိုးပြီး အခုလို တိုင်ကြားတယ်လို့ ကြားသိရပါတယ်။ 

တိုင်ကြားစာထဲမှာတော့  အများနဲ့သက်ဆိုင်တဲ့ ဓာတ်အားခွဲရုံ၊ ကုန်စိမ်းစျေး၊ ပန်းခြံ၊ အားကစားကွင်းစတဲ့ အများအကျိုးရှိတဲ့လုပ်ငန်းတွေကို သောင်တိုးမြေအရပ်မှာ
ပြုလုပ်သင့်တဲ့အကြောင်းတွေ၊ ကျူးကျော်မှုကို လက်ခံထားမယ်ဆိုရင် ရာဇူဒိုင်မြစ်အတွင်း တုတ်ရိုက်ဆည်ဖို့ခြင်း၊ မြေထိန်းနံရံတည်ဆောက်ခြင်းနဲ့ တိုးချဲ့ခြင်းများပြုလုပ်မှုကြောင့် ရာဇူဒိုင်မြစ်ပျောက်တော့မယ် ဆိုတဲ့အကြောင်းတွေရေးသားထားတယ်လို့သိရပါတယ်။

တိုင်ကြားသူတွေကတော့ ရွှေပြည်ကျော်ဆန်စက်ပိုင်ရှင် ဦးဝင်းထွန်း၊ တိမ်တံခွန်ဆန်စက်ပိုင်ရှင် ဦးသိန်းစိုးဦး၊ ထိပ်တန်းဆန်စက်ပိုင်ရှင် ဦးညွန့်လွင်၊ ဧက္ကရာဇ်ဆန်စက်ပိုင်ရှင် ဦးဇော်နိုင်ထွေး၊ပြည့်စုံဆန်စက်ပိုင်ရှင် ဦးစန်းမြင့်၊ ရွှေလင်းယုန်ဆန်စက်ပိုင်ရှင် ဦးကြည်စိုး၊ စိန်မြသီးဆန်စက်ပိုင်ရှင် ဦးကြည်စိုး၊ စိန်မြင့်မိုရ်ဆန်စက်ပိုင်ရှင် ဦးမင်းသူအောင်၊ စိန်လျှံထက်ဆန်စက်ပိုင်ရှင် ဦးဇော်မင်းနဲ့ နီလာဖိုက်ဘာဂလပ်စ်လုပ်ငန်းပိုင်ရှင် ဦးကျော်မောင်မောင် တို့ဖြစ်ပါတယ်။

အဲ့ဒီလုပ်ငန်းရှင်တွေဟာ  ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့က စစ်ကောင်စီအတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးကိုလိပ်မူပြီး တိုင်စာနဲ့တိုင်ခဲ့လို့ ကျွန်တော်တို့ အခုတော့ ကျွန်တော်တို့ ဒုက္ခပင်လယ်ဝေနေရပါပြီ။ အကွက်ရိုက်ရောင်းစားခဲ့တဲ့ လူကြီးတွေကလည်း ဘာတာဝန်ယူမှု တာဝန်ခံမှုမှ မရှိပါဘူး။ ကျွန်တော်တို့ရဲ့ သောကတွေကို မဇ္ဈိမရဲ့ အယ်ဒီတာထံ ပေးစာ ကနေ မျှဝေချင်လို့ အခုလိုစာပေးပို့လိုက်ရပါတယ်။

လေးစားစွာဖြင့်
မော်လမြိုင်ကျွန်း လူငယ်များ

“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly