တောင်အင်းကျေးရွာအနီးရှိ စစ်ကောင်စီတပ်စခန်းကုန်းအား တိုက်ခိုက်သိမ်းပိုက် ၊ လက်နက် နှင့်ခဲယမ်းအမြောက်အမြားသိမ်ဆည်းရမိကြောင်း NUG ထုတ်ပြန်

By MTO (မဇ္ဈိမ)
02 July 2023
တောင်အင်းကျေးရွာအနီးရှိ စစ်ကောင်စီတပ်စခန်းကုန်းအား တိုက်ခိုက်သိမ်းပိုက် ၊ လက်နက် နှင့်ခဲယမ်းအမြောက်အမြားသိမ်ဆည်းရမိကြောင်း NUG ထုတ်ပြန်

စစ်ကိုင်းတိုင်း၊  မော်လိုက်မြို့နယ် ၊ တောင်အင်းကျေးရွာအနီးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကုန်းကို  မော်လိုက်ခရိုင်တပ်ရင်း (၂ )  ဦးဆောင်သော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ ဝင် ၁၀ ဦး သေဆုံးသွားပြီး လက်နက်ခဲယမ်း အမြောက်အမြား သိမ်းဆည်းရမိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန(MOD)က ထုတ်ပြန်သည်။ 

 ခမရ ၃၆၅ (မော်လိုက်/စကခ၁၀) နှင့် ခမရ ၃၆၆ (မော်လိုက်/စကခ၁၀) စစ်ကောင်စီတပ်ဖွဲ့ဝင်၊ ရဲတပ်ဖွဲ့ဝင်နှင့် ပျူစောထီး ပူးပေါင်းအင်အား ၅၀ခန့်ရှိ ရန်သူ့ စခန်းကုန်းအား  ဇွန်လ ၃၀ ရက်နေ့ မနက် ၅ နာရီ ၁၅ မိနစ်အချိန်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၆ နာရီ  မိနစ် ၃၀ အထိကြာအောင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

စစ်ကောင်စီတပ်ဘက်က တိုက်ခိုက်ရေး ရဟတ်ယာဥ် Mi-35 ဖြင့် သုံးကြိမ်၊  A-5 ဗုံးကြဲတိုက်ခိုက်ရေး လေယာဉ်ဖြင့် တစ်ကြိမ်  စုစုပေါင်း လေးကြိမ် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သော်လည်း စစ်ကောင်စီ၏ စခန်းကုန်းအား သိမ်းပိုက်နိုင်ခဲ့ကြောင်း MOD က ဆိုသည်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ဗိုလ်ကြီး တစ်ဦး အပါအဝင် ၁၀ ဦးသေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များဘက်မှ ထိခိုက်မှုအခြေအနေကို ဖော်ပြထားခြင်း မရှိပေ။ 

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ ထံ မှ MA-7 ၆၀ မမ စိန်ပြောင်းအရှည်  ၊ BA-100 ၆၀ မမ ကွန်မန်ဒိုစိန်ပြောင်း ၊ MA-10 RPG ၊ MA 1 ၊ MA 2 ၊ BA-64  ၊ 30 M1 ကာဘိုင်  တစ်လက်စီနှင့်  30 M1 ကာဘိုင်ကျည် ၂၇ တောင့်၊ ၅.၅၆ ကျည် ၅၁၂တောင့်၊ ၇.၆၂ ကျည် ၃၀၈ တောင့်၊၅.၅၆ MA ကျည်အိမ် ၁၂ ခု၊ ၇.၆၂ BA-64 ကျည်အိမ် နှစ်ခု၊ .30 Mကာဘိုင်ကျည်အိမ်  တစ်ခု၊ BA 109 လက်ပစ်ဗုံးသီး  ၁၅  လုံး ၊ MM-5ရှေ့ထွက်မိုင်း နှစ်လုံး ၊M-14 နင်းမိုင်း ၁၅ လုံး၊ MM-1 တိုက်မိုင်း  ၃၄ လုံး ၊ တိုက်မိုင်းကြိုး ၂၇  ခု၊ Detonator  ၂၁ ခု
 ၆၀  မမ ပို့ယမ်း  ၉၀ ခု၊  RPG ဗုံးသီး ၂၀ လုံး၊ RPG ပို့ကျည် ၁၈ ခု ၊အဝေးကြည့် မှန်ပြောင်း တစ်ခု၊  Jammer တစ်ခု ၊ ယူနီဖောင်း  ၁၈ ထည် ၊ ဦးထုပ် ခြောက်လုံး၊ လုံးကျောပိုးအိတ် ခုနစ်လုံး၊ ကျည်ကာ နှစ်ခု၊ ခါးပတ်ကြိုး လေးခု၊ ခုတ်ဓါးရှည် ခုနစ်ချောင်း အထိုင်ဖုန်း နှစ်လုံး တို့ကို သိမ်းဆည်းနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိ သည်။

စာတည်း။    ။အောင်ကျော်ဖြိုး
#Mizzima
#MOD
#မော်လိုက်ခရိုင်တပ်ရင်း
#တောင်အင်းကျေးရွာ
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly