မန္တလေးတွင် ယာဉ်ထိန်းရဲ ၁ဦး ပစ်ခတ်ခံရပြီး သေဆုံး

By 007 (မဇ္စျိမ)
02 July 2023
မန္တလေးတွင် ယာဉ်ထိန်းရဲ ၁ဦး ပစ်ခတ်ခံရပြီး သေဆုံး

မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်တွင် ယမန်နေ့ညနေပိုင်းက ယာဉ်ထိန်းရဲတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။

အောင်မြေသာစံမြို့နယ် ၊၂၆ လမ်းနှင့် ၆၂ လမ်းထောင့်တွင် ယမန်နေ့ ဇူလိုင်လ ၁ရက် ညနေ ၆ နာရီခန့်က အဆိုပါ ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဟု ဒေသခံများကပြောသည်။

"ယာဉ်ထိန်းက Scoppy ဆိုင်ကယ်နဲ့​ဗျ။ သူက ၂၆ လမ်းအတိုင်းမောင်းလာတယ်။ အဲဒါကို အနောက်ကနေဆိုင်ကယ်နဲ့လိုက်လာတဲ့နှစ်ယောက်က၂၆ လမ်းနဲ့ ၆၂ လမ်းထောင့်အရောက်မှာ ပစ်ပြီးထွက်ပြေးသွားတာ။ သူလဲကျပြီး တအောင့်လောက်နေတော့ လုံခြုံရေးတွေရောက်လာတယ်။ ပွဲချင်းပြီးသေတာပါ" ဟု အခင်းဖြစ်စဉ်အနီးနေထိုင်သူတစ်ဦးက ပြောသည်။

သေဆုံးသွားသည့် ယာဉ်ထိန်းရဲသည် အောင်မြေသာစံမြို့နယ် ၂၅ လမ်းနှင့် ၆၅ လမ်းထောင့်ရှိ မန္တလေးယာဉ်ထိန်းရဲတပ်ဖွဲ့စု(၉၁)မှဒုတပ်ကြပ်ချစ်ဇော်၀င်း(အသက် ၃၂ နှစ်)ဖြစ်ကြောင်းသိရသည်။

"သေနတ်နဲ့သုံးချက်ပစ်ပြီး၂၆ လမ်းအတိုင်းအနောက်ထဲထွက်ပြေးသွားတယ်။ ယာဉ်ထိန်းရဲကတော့ ရင်ဘတ်အောက်ဖောက်ထွက်ဒဏ်ရာ နှစ်ချက်နဲ့နေရာမှာတင်သေတယ်" ဟု မန္တလေးတိုင်းရဲတပ်ဖွဲ့အသိုင်းအဝိုင်းနှင့်နီးစပ်သူတစ်ဦးကပြောသည်။

အဆိုပါ ပစ်ခတ်မှုကို မည်သည့်အဖွဲ့အစည်းကလုပ်ဆောင်သွားကြောင်းနှင့် နောက်ဆက်တွဲ အခြေအနေကို မသိရသေးပေ။

မန္တလေးတွင် ပြီးခဲ့သည့်မေလ ၂၇ ရက်နေ့ညနေပိုင်းကလည်း ယာဉ်ထိန်းရဲတပ်ကြပ်ကြီးအောင်ကျော်မျိုးဆိုသူသည် သေနတ်ဖြင့်ရှစ်ချက်ပစ်ခံရပြီး သေဆုံးခဲ့သည်။

စာတည်း - မောင်ကြီး
#mizzima
#မန္တလေး
#အောင်မြေသာစံ
#ယာဉ်ထိန်းရဲ
#ပစ်ခတ်ခံရ
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly