စစ်ရေး အရှိန်မြှင့်လာနိုင်သည့် တနင်္သာရီမြို့နယ် လမ်းပိုင်းများတွင် ညဘက် ခရီး မသွားလာရန် PDF ကြေညာ

By ကိုရွှေမြိတ် (မဇ္ဈိမ)
02 July 2023
စစ်ရေး အရှိန်မြှင့်လာနိုင်သည့် တနင်္သာရီမြို့နယ် လမ်းပိုင်းများတွင် ညဘက် ခရီး မသွားလာရန် PDF ကြေညာ

မြိတ်ခရိုင် ၊ တနင်္သာရီမြို့နယ်တွင် နှစ်ဖက်စစ်ရေး တင်းမာပြင်းထန်နေပြီး အချိန်မရွေးတိုက်ပွဲများ ဖြစ်လာနိုင်၍ အန္တရာယ်ရှိ အနီရောင်အဆင့်သတ်မှတ်ကာ မလိုအပ်ဘဲ ခရီးမသွားကြရန် တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က  ဇွန်လ ၃၀ ရက် နေ့စွဲဖြင့် ထုတ်ပြန် ကြေညာထားသည်။ 

တနင်္သာရီ မြို့နယ် မြိတ်-တနင်္သာရီ-ဘုတ်ပြင်း ပြည်ထောင်စု လမ်းပိုင်း နေရာများ၊ တနင်္သာရီ-ညောင်ပင်ကွင်း လမ်းပိုင်းများတွင် ညအချိန် ခရီးသွားလာခြင်းကို ကန့်သတ်ထားပြီး နေ့အချိန် ခရီးသွားပါက  စစ်ကောင်စီ၏ တပ်ရင်း တပ်ဖွဲ့များ၊ ယာဉ်တန်းများ အနီး မသွားလာရန်နှင့် ကားများ မှန်တံခါး ချ၍ မောင်းနှင်ကြရန် ကြေညာချက်တွင် အထူး သတိပေးထားသည်။

တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက “ အခု ရက်ပိုင်းမှာ စစ်တပ်က အင်အားတွေ တိုးချဲ့လာပြီး နောက်ပိုင်းမှာ အရပ်သား နေအိမ်တွေကို မီးရှို့ဖျက်ဆီး လာတာမျိုး ပြုလုပ်တာကြောင့် ပြည်ထောင်စု လမ်းပိုင်းမှာ အချိန်မရွေး နှစ်ဖက် ထိတွေ့ ပစ်ခတ်မှုတွေ ရာခိုင်နှုန်းများလာနိုင်ပါတယ်။ ဒါကြောင့် ခရီးသွား ပြည်သူတွေ အသိ ၊ သတိနဲ့ သွားဖို့ လိုတယ်”ဟု ပြောသည်။

တနင်္သာရီမြို့နယ်ရှိ စစ်ကောင်စီ တပ်စခန်းများတွင်  လက်နက်၊ လူအင်အားများ ဖြည့်တင်းနေပြီး မိမိတို့ တော်လှန်ရေး အင်အားစုများကလည်း လိုအပ်သည့် စစ်ရေး ပြင်ဆင်မှုများ ဆောင်ရွက်ထား၍   တနင်္သာရီ မြို့ပေါ်ရှိ ဌာနဆိုင်ရာ အဆောက်အအုံများအနီး မနေရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

တနင်္သာရီမြို့နယ် ၊  ဘန်းလမွတ်ရွာတွင် ဇွန်လ ၃၀ ရက် ညနေပိုင်းက စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့ နှစ်ဖက် အပြန် အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီက တိုက်ပွဲကြောင့် နေအိမ်စွန့်ခွာ ထွက်ပြေးနေရသည့် အရပ်သား နေအိမ် နှစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်။ 

စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#စစ်ရေး အရှိန်မြှင့်
# ညဘက် ခရီး မသွားလာရန်
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly