ကချင်ပြည်နယ်၌ တရုတ်ယာဉ်တန်း တိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ စစ်ကောင်စီ စွပ်စွဲချက်ကို KIA ပယ်ချ

ကချင်ပြည်နယ်၌ တရုတ်ယာဉ်တန်း တိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ စစ်ကောင်စီ စွပ်စွဲချက်ကို KIA ပယ်ချ

နယ်စပ်လုံခြုံရေးဆိုင်ရာ အစည်းအဝေးတစ်ခုအတွက် သွားရောက်ခဲ့သည့် တရုတ်စစ်ဖက်ကိုယ်စားလှယ်များ လိုက်ပါလာသော ယာဉ်တန်းကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က တိုက်ခိုက်ခဲ့သည်ဟု စစ်ကောင်စီက ဇူလိုင် ၁ ရက်တွင် စွပ်စွဲပြောကြားပြီးနောက် အဆိုပါ ပြောကြားချက်က မှန်ကန်ခြင်းမရှိကြောင်း KIA က ပယ်ချသည်။

ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်က တရုတ်စစ်ဖက် ကိုယ်စားလှယ်များနှင့် မြန်မာစစ်ကောင်စီ စစ်ဖက်ကိုယ်စားလှယ်များ လိုက်ပါလာသော ယာဉ်တန်းတစ်ခု ကချင်ပြည်နယ်မြောက်ပိုင်း မြစ်ကြီးနားသို့ ဦးတည်သွားရောက်စဉ် လမ်းတွင် တိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု သိရသည်။

ယာဉ်တန်း၏ ဒုတိယမြောက် ကားတစ်စီး ငါးချက် ပစ်ခတ်ခံရသည်ဟု စစ်ကောင်စီက ပြောသည်။

စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့ဝင်တို့က ပြန်လည်တုံ့ပြန်ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

“ကချင်လွတ်မြောက်ရေးတပ်မတော် အဖွဲ့ဝင်တွေက ယာဉ်တန်းကို တိုက်ခိုက်ခဲ့တယ် ဆိုတာကို ကျွန်တော်တို့ အတည်ပြုနိုင်ပါတယ်” ဟု စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက အသံမက်ဆေ့ချ်တစ်ခုဖြင့် ပြောသည်။

ဖြစ်စဉ်တွင် တစ်ဦးတစ်ယောက်မှ ထိခိုက်ဒဏ်ရာရခြင်း သို့မဟုတ် သေဆုံးခြင်း မရှိဟု စစ်ကောင်စီက ပြောသည်။

သို့သော် ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး စစ်ကောင်စီ၏ စွပ်စွဲချက်ကို KIA က ပယ်ချသည်။

“ကေအိုင်အေ အနေနဲ့ ဘယ်ယာဉ်တန်းကိုမှ မတိုက်ခိုက်ခဲ့ပါဘူး” ဟု KIA မှ ဗိုလ်မှူးကြီး နော်ဘူက အေအက်ဖ်ပီကို ပြောသည်။ ထို့ပြင် ယာဉ်တန်း တိုက်ခိုက်ခံရသည့်နေရာအနီး ဧရိယာတွင် ဇွန်လ ၂၆ ရက်ကတည်းက တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေခဲ့ကြောင်း ၎င်းက ပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ မှတ်ချက်ရရေး တောင်းခံထားသည်။

ယမန်နှစ် အောက်တိုဘာလက မြန်မာစစ်တပ်က KIA တေးဂီတဖျော်ဖြေပွဲတစ်ခုကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ လူအများအပြား သေဆုံးခဲ့ရသည်။

နိုင်ငံတွင် အာဏာသိမ်းပြီးနောက် အတိုက်အခံဆန့်ကျင်သူများအပေါ် စစ်တပ်၏ ဖြိုခွင်းနှိမ်နင်းမှုကြောင့် လူ ၃,၇၀၀ ကျော် အသက်ဆုံးရှုံးထားခဲ့ကြောင်း ပြည်တွင်း လေ့လာစောင့်ကြည့်ရေးအဖွဲ့တစ်ခုအရ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly