ကရင်နီတွင် ပစ်ချခံရသည့် စစ်ကောင်စီဂျက်လေယာဥ်မှ လေယာဥ်မှူး ၂ ဦးပျောက်ဆုံး

By ရွှေနွယ်၊ဂျူချန်း (မဇ္ဈိမ)
02 July 2023
ကရင်နီတွင် ပစ်ချခံရသည့် စစ်ကောင်စီဂျက်လေယာဥ်မှ လေယာဥ်မှူး ၂ ဦးပျောက်ဆုံး
ကရင်နီပြည်တွင်း ဗုံးကြဲတိုက်ခိုက်သွားသော စစ်ကောင်စီ၏ တိုက်လေယာဥ်(ပုံဟောင်းအသုံးပြုထားခြင်းဖြစ်သည်)

ကရင်နီပြည် ​၊ ဘော်လခဲခရိုင်၊ ရွာသစ်မြို့အနီးတွင် ဇွန်လ ၃၀ရက်နေ့ နံနက်ပိုင်းက ပစ်ချခံခဲ့ရသော စစ်ကောင်စီတိုက်ခိုက်ရေး ဂျက်လေယာဥ်မှ လေယာဥ်မှူးနှစ်ဦးပျောက်ဆုံးဆဲဖြစ်သည်ဟု တောင်ငူလေတပ် တပ်တွင်းသတင်းပေးထံက သိရှိရသည်။

ကရင်နီတွင် ပစ်ချခံရတဲ့ ဂျက်လေယာဉ်မှာ တောင်ငူလေတပ်မှ တက်သွားသော K8 အမျိုးအစား Jet Fighter ဖြစ်ပြီး ထိုပျောက်ဆုံးသတင်းကို  စစ်ကောင်စီက လိုက်လံဖုံးကွယ်နေကြောင်း ၎င်းကဆိုသည်။  

"ယာဥ်မောင်းနှစ်ယောက်လုံးပျောက်နေဆဲလို့သိထားပါတယ်" ဟု ၎င်းကဆိုသည်။ အဆိုပါဂျက်လေယာဥ်၏ ပျက်စီးမှုအခြေအနေ အသေးစိတ်ကိုမူ မသိရှိရသေးပေ။

 ကရင်နီလူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဦး (ကလလတ) နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များမှ စစ်ကောင်စီ၏ တိုက်ခိုက်ရေးဂျက်လေယာဥ်ကို ဇွန်လ ၃၀ ရက်နေ့ နံနက်၁၁ နာရီအချိန်ခန့်က ရွာသစ်မြို့အနီးရှိ BGF တပ်ရင်း (၁၁၀၅ ) အနီးတွင်ပစ်ချနိုင်ခဲ့သည်ဟု ကလလတ ဗဟိုကော်မတီက မဇ္ဈိမကိုအတည်ပြုသည်။

"ဂျက်လေယာဥ်က ခပ်နိမ့်နိမ့်ပျံသွားတာကြောင့် ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်တို့ဆီမှာ လေယာဥ်ပစ်လည်းမရှိပါဘူး ။ ကျွန်တော်တို့ဆီမှာရှိတဲ့ လက်နက်အကုန်လုံးနဲ့ ဝိုင်းပစ်ကြတာ ရှိတာထဲမှာ အကြီးဆုံးဆိုလို့ သူတို့ဆီကရထားတဲ့ G4 ပဲရှိတယ်" ဟု ကလလတ  ရဲဘော်လော်ရင်းစိုးက မဇ္ဈိမကိုပြောသည်။

ကရင်နီပြည်တွင် တိုက်ပွဲဆက်လက်တိုက်ပွဲပြင်းထန်လျက်ရှိပြီး ကရင်နီပြည်အနှံ့မှ စစ်ဘေးရှောင်များမှာ တိုက်ပွဲလျော့နည်းရာ လွိုင်ကော်မြို့သို့ ပြောင်းရွှေ့နေကြကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ၏ ပြောဆိုချက်အရ သိရသည်။

သို့သော် ဂျက်လေယာဥ်ပစ်ချခံရသည့် ရွာသစ်မြို့နယ်တွင်မူ ဒေသခံများအား စစ်ကောင်စီက ရှောင်တိမ်းခွင့်မပေးဘဲ ပြည်သူများကိုအကာအကွယ်ယူနေကြောင်း ကရင်နီဒေသတွင်းသတင်းရင်းမြစ်က ပြောသည်။

စာတည်း။    ။ အောင်ကျော်ဖြိုး
#Mizzima
#လေယာဥ်မှူး 
#စစ်ကောင်စီဂျက်လေယာဥ်
#ပျောက်ဆုံး
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly