မန္တလေးတွင် သွေးသောက်အဖွဲ့က အရပ်သား ၂ ဦးအား သတ်ဖြတ်ပြီး အလောင်းစွန့်ပစ်

By 007 (မဇ္စျိမ)
01 July 2023
မန္တလေးတွင် သွေးသောက်အဖွဲ့က အရပ်သား ၂ ဦးအား သတ်ဖြတ်ပြီး အလောင်းစွန့်ပစ်

မန္တလေးမြို့၊ ကန်တော်ကြီးပတ်လမ်း Denko ဆီဆိုင်အနီးတွင်၊ ယမန်နေ့က သွေးသောက်တံဆိပ် လည်ဆွဲကတ်ပြားချိတ်ဆွဲထားသော ပိုင်ရှင်မဲ့အမျိုးသားအလောင်း နှစ်လောင်းတွေ့ရှိမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။

"မနက် ၉ နာရီလောက်ကတွေ့တာ၊ အလောင်းတွေမှာ ကျည်ဆန်ရာနဲ့ထိုးသွင်းဒဏ်ရာတွေတွေ့ရတယ်၊ သွေးသောက်တံဆိပ်ကတ်ပြားလည်းလည်ပင်းချိတ်ထားတယ်၊ သွေးသောက်အဖွဲ့လက်ချက်ဆိုတာ သိစေချင်လို့ ချိတ်ခဲ့တာဖြစ်မယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။

အလောင်းတွေ့ရှိသည့်နေရာသည်၊ ချမ်းမြသာစည်မြို့နယ်နှင့် အမရပူရမြို့နယ်အစပ်ကြား၊ ကန်တော်ကြီးပတ်လမ်းနှင့် ရှမ်းကလေးကျွန်း ကျေးရွာအနီးဖြစ်ပြီး၊ ယမန်နေ့ ဇွန်လ ၃၀ ရက်နေ့နံနက် ၉ နာရီခန့်တွင်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလောင်းနှစ်လောင်းစလုံး အသက်သုံးဆယ်အရွယ်အမျိုးသားများဖြစ်ပြီး၊ သွေးသောက်အဖွဲ့အမှတ်တံဆိပ် လည်ဆွဲကတ်ပြားချိတ်ဆွဲထားလျက်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း၊ NLD ပါတီ၀င်တချို့ကို၊ သွေးသောက်အဖွဲ့က မကြာခဏရှင်းလင်းနေခြင်းဖြစ်ကြောင်း စစ်အုပ်စု၏တယ်လီဂရမ်ချန်နယ်များကလည်း ဖော်ပြကြသည်။

မန္တလေးမြို့တွင်၊ ဇွန်လ ၂၄ ရက်နေ့က၊ ချမ်းမြသာစည်မြို့နယ် ကျွန်းလုံးဥသျှောင်ရပ်ကွက်မှ ရာအိမ်မှူးဦးမြတ်ထူးနှင့်သားဖြစ်သူရဲမြင့်မိုရ်ထူးတို့ သေနတ်ပစ်ခံရပြီး၊ ရာအိမ်မှူးကပွဲချင်းပြီးသေဆုံး၊ သားဖြစ်သူက ပြင်းထန်ဒဏ်ရာများဖြင့်ဆေးရုံတက်ကုသမှုခံယူနေရသည့်ဖြစ်စဉ် တစ်ခုဖြစ်ပွားခဲဲ့သည်။

"အဲဒီကိစ္စနဲ့ပတ်သက်မယ်ထင်တာပဲ၊ ရာအိမ်မှူးသားအဖအပစ်ခံရပြီး တစ်ပတ်လောက်အကြာမှာ၊ အရပ်သားနှစ်ယောက်ကိုသတ်ပြလိုက်တာပဲ၊ အရင်ကလည်း ဒါမျိုးဖြစ်ဖူးတယ်" ဟု လက်ရှိစစ်ရေးသတင်းများ လေ့လာစောင့်ကြည့်သူတစ်ဦးက ပြောသည်။

မန္တလေးမြို့တွင်၊ ပြီးခဲ့သည့်ဧပြီလကလည်း၊ အောင်မြေသာစံမြို့နယ် အမရဌာနီအရှေ့ရပ်ကွက်မှ ရာအိမ်မှူးနှစ်ဦး လက်ဖက်ရည်ဆိုင်အတွင်း ပစ်သတ်ခံခဲ့ရပြီးနောက်၊ တစ်ပတ်ခန့်အကြာတွင်၊ အဆိုပါနေရာအနီး သွေးသောက်ကတ်ပြားချိတ်ဆွဲထားသော ပိုင်ရှင်မဲ့ အမျိုးသား အလောင်းနှစ်လောင်းတွေ့ရှိမှုဖြစ်စဉ် ဖြစ်ပွားခဲ့ဖူးသည်။

ထိုဖြစ်စဉ်နှင့်ပတ်သက်၍လည်း၊ NLD ပါတီထောက်ခံသူနှစ်ဦးအား သွေးသောက်အဖွဲ့ကသတ်ဖြတ်ခြင်းဖြစ်ကြောင်း စစ်အုပ်စုက သတင်းဖြန့်ခဲ့ပြီး၊ သီးခြားအတည်ပြုနိုင်ခြင်းတော့မရှိခဲ့ပေ။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#မန္တလေး
#သွေးသောက်အဖွဲ့
#စစ်အုပ်စု
#ကန်တော်ကြီးပတ်လမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly