ဇွန်လအတွင်း ရန်ကုန်မြို့၌ စစ်ရေးပစ်မှတ် ၁၀ ခုထက်မနည်း တိုက်ခိုက်ခံရ

By ဂန္ဒမာ (မဇ္ဈိမ)
01 July 2023
ဇွန်လအတွင်း ရန်ကုန်မြို့၌ စစ်ရေးပစ်မှတ် ၁၀ ခုထက်မနည်း တိုက်ခိုက်ခံရ

ရန်ကုန်မြို့တွင် ဇွန်လအတွင်း စစ်ရေးပစ်မှတ် ၁၀ ခုထက်မနည်း တိုက်ခိုက်ခံရကြောင်း မဇ္ဈိမ၏ စုံစမ်းချက်အရ သိရသည်။

ထိုအထဲတွင် စစ်ကောင်စီ ခြေမြန်တပ်ရင်း၊ ရဲစခန်း၊ အခွန်ဦးစီးမှူးရုံး ၊ တရားဥပဒေရုံး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊ ကြံ့ဖွံ့ရုံး နှင့် လျှပ်စစ်မီတာရုံးတို့ ပါဝင်ပြီး စစ်ကောင်စီအားပေးထောက်ခံကာ တော်လှန်ရေးတွင် ပါဝင်သူများအား ဖမ်းဆီးရမိရေးအတွက် ကြိုးပမ်းသူများလည်း ပစ်ခတ်ရှင်းလင်းခံရသည့်ဖြစ်စဉ်များ ရှိခဲ့သည်။

တော်လှန်ရေး နှစ်နှစ်ကျော်ကာလ ၂၀၂၃ ခုနှစ် ပထမ ခြောက်လ အတိုင်းအတာအတွင်း ရန်ကုန်တွင် မြို့ပြပြောက်ကျားများ၏ တိုက်ခိုက်နိုင်မှု အခြေအနေနှင့်ပတ်သက်ပြီး ရန်ကုန်တိုင်းစစ်ဆင်ရေးတာဝန်ခံ ကိုဒေဝ က မဇ္ဈိမ ကို ပြောသည်။

"နှစ် နှစ်ကျော်ကာလမှာ မြို့ပြပြောက်ကျားတွေရဲ့ လုပ်ဆောင်မှုက အားရကျေနပ်စရာရှိတယ်။ ထိရောက်မှုရှိတယ်လို့မြင်တယ်။ မြို့ပြပြောက်ကျားတွေက ရန်သူ့နယ်မြေထဲမှာ လှုပ်ရှားရတာဖြစ်လို့ တစ်နေ့ထက် တစ်နေ့တော့ ခက်ခဲလာတာတွေရှိတယ်။ ဒီကာလမှာ တိုက်ခိုက်မှု အကြိမ်အရေအတွက်တွေ လျော့ကျလာပေမယ့် ပစ်မှတ်နဲ့ တိုက်ခိုက်မှုတွေအကုန်လုံးကတော့ ရန်သူ့ဘက်က မလုံခြုံတော့ဘူးဆိုတာကို ခံစားမိစေတယ်။" ဟူ၍ ပြောသည်။

ဇွန်လအတွင်း မြို့ပြပြောက်ကျားများဘက်မှ စစ်ကောင်စီတပ် လက်အောက်ခံအဖွဲ့အစည်းများနှင့် ပတ်သက်ဆက်နွယ်သော အဆောက်အဦ ၁၀ ခုကျော် တိုက်ခိုက်မှုတွင် ကျောက်တံတားမြို့နယ်ရှိ အခွန်ရုံးအား ဇွန်လ ၅ ရက်က Brave Eagles(UG) အဖွဲ့က တိုက်ခိုက်နိုင်ခဲ့ပြီး Non CDM ဒုဦးစီးအရာရှိ၊ ဝန်ထမ်းသုံးဦးနှင့် အခွန်လာဆောင်သည့် ပြည်သူ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိသည့်ဖြစ်စဉ်မှာ ထင်ရှားသည်။

ထို့အတူ ဇွန်လအတွင်းတွင် စစ်ကောင်စီဒုတိယခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၏ တပည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ လုံခြုံရေးအရာရှိချုပ်၊(Chief of Security Division) ဖြစ်သူ ဗိုလ်မှူးဟောင်းရဲခိုင်ကို  Urban Owls ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့က ၁၉ ရက်နေ့ ၊ည ၇း၀၀ အချိန်တွင် ပစ်ခတ်ရှင်းလင်းသုတ်သင်ရာ သေဆုံးခဲ့သည်။

အလားတူ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်တွင် ဇွန်လ ၂၃ ရက် ည ၇ နာရီဝန်းကျင်က ဒဂုံဆိပ်ကမ်းမြို့နယ် စီမံအုပ်ချုပ်ရေးကော်မတီဝင်၊ မြို့နယ် YMBA ဥက္ကဋ္ဌ ဦးလှကြည်ဆိုသူ Dagon Seikkan PDF ၏ ပစ်ခတ်ခံရမှုကြောင့် သေဆုံးခဲ့သည်။

ယခုတွင် ရန်ကုန်မြို့၌ မြို့ပြပြောက်ကျားတပ်ဖွဲ့များတည်ရှိနေသည့်အပြင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းစစ်ဒေသခွဲဌာနချုပ်က ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့ ရက်စွဲဖြင့် ရန်ကုန် PDF တပ်ရင်း( ၅၁၀၁ )ကို ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။

တော်လှန်ရေးအမြန်ပြီးဆုံးရန်နှင့် ကိုယ့်မြို့ကိုယ်ပိုင်ကြောင်း ပြသနိုင်ရန် ပြည်သူများမှ တော်လှန်ရေး ရဲဘော်များအား ထောက်ပို့၊ ကူညီဖေးမရန်လိုအပ်ကြောင်းကိုလည်း ရန်ကုန်တိုင်းစစ်ဆင်ရေးတာဝန်ခံ ကိုဒေဝ က တိုက်တွန်းသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#တော်လှန်ရေး
#PDF  #မြို့ပြပြောက်ကျား
#ရန်ကုန်မြို့
#စစ်ရေးပစ်မှတ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly