ကနီမြို့နယ်တွင် စစ်ဘေးရှောင် ကလေးငယ် ၂,၀၀၀ ကျော်ကို သန်ချဆေး တိုက်ကျွေး 

By KMN (မဇ္ဈိမ)
01 July 2023
ကနီမြို့နယ်တွင် စစ်ဘေးရှောင် ကလေးငယ် ၂,၀၀၀ ကျော်ကို သန်ချဆေး တိုက်ကျွေး 

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် ဇွန်လ ၁ ရက်နေ့မှ ယနေ့ ဇူလိုင်လ ၁ ရက်နေ့အထိ ကျေးရွာ ၃၁ ရွာအားလှည့်လည်ပြီး အသက် နှစ်နှစ်မှ ရှစ်နှစ်အထိ ကလေးသူငယ် ၂,၀၅၅ ဦးကို သန်ချဆေး တိုက်ကျွေးခဲ့ ကြောင်း ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစု ဦးဆောင်သူကပြောကြားသည်။

ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစုနှင့်အတူ ဒေသခံပြည်သူများ ဦးဆောင်၍ ယခုကဲ့သို့ ကျေးရွာများတွင် ကျန်းမာရေးစောင့်ရှာက်မှုများပေးခဲ့ကြောင်း သိရသည်။

"ကျွန်တော်တို့ သန်ချဆေးတိုက်တာက စစ်ဘေးရှောင်ရတဲ့ရွာတွေကို ဦးစားပေးတိုက်တာ၊ ကနီနယ်မှာ စစ်ဘေးရှောင်ခဲ့ရတဲ့ရွာက ၁၀၀ ကျော်ရှိတယ်။ ဒီရွာတွေ အကုန် ဆေးတိုက်ဖို့ဆိုရင် အလှူရှင်တွေရဲ့ ကူညီမှုတွေ များစွာလိုပါလိမ့်မယ်။ ဘယ်သူတွေက ခိုင်းလို့ ၊ ညွှန်ကြားလို့ ကျွန်တော်တို့ လုပ်တာ မဟုတ်ပါဘူး ။ ကိုယ့်အသိစိတ်နဲ့ လုပ်သင့်တဲ့အရာကို ကျွန်တော်တို့လုပ်ကြတာပါ" ဟု ကနီမြို့နယ် သပိတ်အင်အားစုဦးဆောင်သူက မဇ္ဈိမ ကိုပြောသည်။

ကနီမြို့နယ်အတွင်း စစ်ဘေးရှောင်ခဲ့ရသည့် ကျေးရွာများမှ ကလေးငယ်
၅,၀၀၀ ကျော်ကို သန်ချဆေးတိုက်ကျွေးဖို့ ရည်ရွယ်ထားပြီး သန်ချဆေးတစ်လုံးအတွက် သယ်ယူခအပါအဝင် ၄၀၀ ကျပ် ကုန်ကျကာ ဆေးအလုံး ၃,၀၀၀ အတွက် ငွေကျပ် ၁၂ သိန်းကျော် ကုန်ကျခဲ့ကြောင်း ကနီမြို့နယ် သပိတ်အင်အားစု ဦးဆောင်သူက ဆိုသည်။

ကနီမြို့နယ်တွင် ဇွန်လ ၁၉ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ်အခမ်းအနားများကို ပုံစံမျိုးစုံနှင့်ကျင်းပခဲ့သလို  ဇွန်လ ၂၁ ရက်နေ့တွင်လည်း ကျေးရွာ လေးရွာ စုပေါင်းကာ ဆုတောင်းသပိတ်ကိုကျင်းပခဲ့သည်။

စာတည်း - သန့်ဇော်(သန်လျင်)

ဓာတ်ပုံ - ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစု

#Mizzima
#ကနီမြို့နယ်
#စစ်ဘေးရှောင် 
#ကလေးငယ်
#သန်ချဆေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly