မိုခါမုန်တိုင်းဒဏ်သင့် မြန်မာပြည်သူများထံ အာဆီယံက ကူညီရေးပစ္စည်းများ ပေးပို့

မိုခါမုန်တိုင်းဒဏ်သင့် မြန်မာပြည်သူများထံ အာဆီယံက ကူညီရေးပစ္စည်းများ ပေးပို့
Photo-AFP

အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း မိုခါ၏ သက်ရောက်မှု ကြုံနေသော မြန်မာပြည်သူများထံ အာဆီယံပြည်သူများထံမှ အကူအညီပစ္စည်းများ နောက်ထပ်တစ်သုတ်ကို အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံက ပေးပို့ထားကြောင်း အာဆီယံ ဥက္ကဋ္ဌ အင်ဒိုနီးရှားက ပြောသည်။

ရန်ကုန်သို့ ပေးပို့သော အဆိုပါ ပစ္စည်းများတွင် အရေးပေါ် ခိုလှုံရေးပစစ္ည်းများနှင့် ရေသန့်စနစ်တို့အပါအဝင် အမေရိကန်ဒေါ်လာ ၃၇,၈၀၀ တန်ဖိုး ရှိကြောင်း သိရသည်။ အဆိုပါ ပစ္စည်းများကို မလေးရှားနိုင်ငံ ဆူဘန်းရှိ အာဆီယံ သဘာဝဘေး အရေးပေါ်ခန့်ခွဲစနစ် DELSA ကုန်လှောင်ရုံမှ အင်ဒိုနီးရှား၏ စစ်လေယာဉ်ဖြင့် ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း အာဆီယံဥက္ကဋ္ဌ၏ ဇွန် ၃၀ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အစောပိုင်းကလည်း DELSA မှ ဒေါ်လာ ၃၉၃,၄၀၀ တန်ဖိုးရှိ ကူညီကယ်ဆယ်ရေးပစ္စည်း နှစ်သုတ်ကို ရန်ကုန်သို့ ပို့ဆောင်ပေးထားပြီး ဖြစ်သည်။

မြန်မာနိုင်ငံအား အရေးပေါ်တုံ့ပြန်မှုမှ ပြန်လည်ထူထောင်ရေးဆီ အသွင်ကူးပြောင်းခြင်းအပါအဝင် ဆက်လက်ထောက်ပံ့သွားရန် အာဆီယံအနေဖြင့် အသင့်ရှိနေသည်။ အာဆီယံ လူသားချင်း စာနာထောက်ထားရေး အကူအညီပေးရေး ညှိနှိုင်းရေးမှူးအဖြစ်လည်း တာဝန်ယူထားသည့် အာဆီယံ အတွင်းရေးမှူးချုပ်အနေဖြင့် အဖွဲ့၏ တုံ့ပြန်ဆောင်ရွက်မှုများကို ပူးပေါင်းညှိနှိုင်းသွားမည်ဖြစ်ကြောင်း အာဆီယံ ထုတ်ပြန်ချက်၌ ဖော်ပြသည်။

အပူပိုင်ဆိုင်ကလုန်း မိုခါမုန်တိုင်း၏ ဆိုးဝါးသော သက်ရောက်မှုကို မြန်မာနိုင်ငံတွင် ပြည်သူသန်းပေါင်းများစွာ ခံစားနေရပြီး လူနေအိမ်၊ စာသင်ကျောင်း၊ ဆေးရုံနှင့် အခြား အများပိုင်အဆောက်အအုံများအပါအဝင် နေအိမ်အဆောက်အအုံပေါင်း ၂၇၇,၀၀၀ ကျော် ပျက်စီးခဲ့သည်။

လက်ရှိအထိ အာဆီယံသည် မြန်မာနိုင်ငံအား စုစုပေါင်း ဒေါ်လာ ၁ ဒသမ ၆ သန်းနီးပါး တန်ဖိုးရှိ လူသားချင်း စာနာထောက်ထားရေး အကူအညီ ၁၀ ကြိမ် ပေးပို့ထားပြီး ဖြစ်သည်။

(မိုးသဲ ဘာသာပြန်သည်။)

https://en.vietnamplus.vn/asean-mobilises-resources-to-assist-cyclonehit...

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required