ဆရာတော် ဦးသောဘိတ ထောင်လွတ်ရက်စေ့ပြီးနောက်  ပျောက်ဆုံးအဆက်အသွယ်ပြတ်

By 007 (မဇ္စျိမ)
01 July 2023
ဆရာတော် ဦးသောဘိတ ထောင်လွတ်ရက်စေ့ပြီးနောက်  ပျောက်ဆုံးအဆက်အသွယ်ပြတ်

လူ့အခွင့်အရေးလှုပ်ရှားသူ မန္တလေးမြို့က ဆရာတော်ဦးသောဘိတသည်၊ ထောင်လွတ်ရက်စေ့သော်လည်း အပြင်ရောက်မလာဘဲ ပျောက်ဆုံးအဆက်အသွယ်ပြတ်နေသည်မှာ ၁၀ ရက်ရှိပြီဖြစ်သဖြင့် မိသားစုက စိုးရိမ်ပူပန်နေကြောင်း သိရသည်။

"၂၀ ရက်နေ့က ဦးဇင်းလေးလွတ်မယ်ဆိုလို့၊ မိသားစုကသွားကြိုကြတယ်၊ တစ်နေသာကုန်သွားတယ် လွတ်မလာဘူး၊ ပျောက်နေတာ ဒီနေ့နဲ့ဆိုရင် ၁၀ ရက်ရှိပြီ၊ မိသားစုတွေတအားစိတ်ပူနေကြတယ်" ဟု မိသားစုနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

ဆရာတော်ဦးသောဘိတ(အလင်္ကာကြယ်)သည်၊ ဇွန်လ ၂၀ ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာမည်ဖြစ်ကြောင်း ထောင်တွင်းသတင်းအရ၊ ထိုနေ့က မိသားစုကသွားရောက်စောင့်ကြိုခဲ့သော်လည်း ထောင်မှပြန်ထွက်လာသည်ကိုမတွေ့ရကြောင်း၊ ထောင်တွင်း၌လည်း မရှိတော့ကြောင်း၊ မည်သည်နေရာ ခေါ်ဆောင်သွားမှန်းမသိရသလို၊ မိသားစုနှင့်ပါအဆက်အသွယ်ပြတ်နေသဖြင့် ၎င်း၏အသက်အန္တရာယ်အတွက် စိုးရိမ်ပူပန်ကြောင်း သံဃသမဂ္ဂ(မန္တလေး)ကလည်း သတင်းထုတ်ပြန်ထားသည်။

ဆရာတော်ပျောက်ဆုံးနေမှု လက်ရှိအခြေအနေနှင့်ပတ်သက်၍ သံဃသမဂ္ဂ(မန္တလေး)ထံ ဆက်သွယ်မေးမြန်းကြည့်ရာ "ဦးဇင်းတို့လည်း သေချာမသိရသေးပါဘူး၊ ဦးသောဘိတအတွက်စိတ်ပူနေတယ်" ဟု တာ၀န်ရှိရဟန်းတော်တစ်ပါးက မဇ္ဈိမကိုမိန့်သည်။

ဆရာတော်ဦးသောဘိတ(အလင်္ကာကြယ်)သည်၊ ကြံ့ခိုင်ရေးအစိုးရလက်ထက်မှစ၍ စစ်အာဏာသိမ်းမခံရခင်အထိ၊ တရားဥပေဒစိုးမိုးရေးနှင့်လူ့အခွင့်အရေးအတွက်လှုပ်ရှားဆောင်ရွက်ခဲ့သည့် မန္တလေးမြို့က လူသိများသောရဟန်းတော် တစ်ပါးဖြစ်သည်။

ဆရာတော်ကို စစ်အာဏာသိမ်းသည့်နေ့ နံနက် ၄ နာရီခန့်တွင်၊ စစ်အုပ်စုက ဆရာတော်သီတင်းသုံးရာကျောင်းတိုက်သို့ ၀င်ရောက်ဖမ်းဆီးသွားပြီး၊ မန္တလေးဗဟိုအကျဉ်းထောင်တွင် ချုပ်နှောင်ခဲ့သည်။

ထို့နောက်၊ ၂၀၁၈ ခုနှစ်က စစ်တပ်ကစွဲဆိုထားသော ပုဒ်မ ၆၆(ဃ)အမှုအတွက် ထောင်ဒဏ် နှစ်နှစ်နှင့် ထောင်တွင်းတရားရုံးကစွဲဆိုထားသော ပုဒ်မ ၅၀၅(က)အမှုအတွက် နောက်ထပ်ထောင်ဒဏ် နှစ်နှစ် စုစုပေါင်းထောင် လေးနှစ် ချခဲ့ခြင်းဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required