တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၉၁ ဦးသေဆုံးခဲ့ကြောင်း BPLA ထုတ်ပြန် 

By YT (မဇ္ဈိမ)
01 July 2023
တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၉၁ ဦးသေဆုံးခဲ့ကြောင်း BPLA ထုတ်ပြန် 

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)က၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၃ ခုနှစ် ဇွန်လအတွင်း စစ်ကောင်စီတပ်သားများနှင့် ဖြစ်ပွားသော တိုက်ပွဲများ၌ စစ်ကောင်စီတပ်သား ၉၁ ဦးသေဆုံးခဲ့ကြောင်း ဆိုသည်။ 

၎င်းတို့ စစ်ရေးလှုပ်ရှားမှု စတင်ချိန်မှစ၍ ၂၀၂၃ ခုနှစ်၊ ဇွန်လအထိ စစ်ကောင်စီတပ်သားများနှင့် ဖြစ်ပွားခဲ့သော တိုက်ပွဲအခြေအနေများ၊ စစ်ရေးရလဒ်များအား ယမန်နေ့ ဇွန်လ ၃၀ ရက်နေ့က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

BPLA သည် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၂၃ ခုနှစ် ဇွန်လအတွင်း စစ်ကောင်စီတပ်သားများနှင့် တိုက်ပွဲအကြိမ်ရေ ၄၄ ကြိမ် ဖြစ်ပွားခဲ့ပြီး အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၉၁ ဦးသေဆုံးခဲ့ခြင်း ဖြစ်သည်။ 

အဆိုပါတိုက်ပွဲများအတွင်း BPLA ရဲဘော် လေးဦးကျဆုံးခဲ့ကာ ၁၆ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ စစ်ကောင်စီတပ်ပိုင်ဆိုင်သည့် ၆၀ မမလက်နက်ကြီး လေးလက်၊ ၄၀ မမ လက်နက်ကြီး နှစ်လက်၊ RPG နှစ်လက်နှင့် လက်နက်ငယ်အလက်ရေ ၆၀ ကျော်ကို သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြထားသည်။ 

သို့သော် တစ်နှစ်ခွဲတာ ကာလအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ဒဏ်ရာရစာရင်းကိုမူ အတိအကျမှန်းဆရန် ခက်ခဲသဖြင့် ဖော်ပြခြင်းမပြုခဲ့ပေ။ 

BPLA သည် တစ်နှစ်ခွဲတာကာလအတွင်း တိုက်ပွဲများအား KNLA ​၏ အမိန့်ပေး ကွပ်ကဲမှုအောက်တွင် PDF၊ Force for Federal Democracy(FFD)စသော တော်လှန်ရေးအဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းဖော်ဆောင်ခဲ့ပြီး KNU တပ်မဟာ (၅) နယ်မြေအတွင်းမှ ထင်ရှားသော တိုက်ပွဲဖြစ်ပွဲများဖြစ်သည့် မဲဝိုင်စစ်ကောင်စီစခန်းသိမ်းတိုက်ပွဲ၊ ကျောက်ညှပ်စခန်းသိမ်းတိုက်ပွဲ၊ ခလရ (၉၇) စစ်ကြောင်းအား ကြားဖြတ်တိုက်ခိုက်မှု စသည့် တိုက်ပွဲတို့တွင် ပါဝင်တိုက်ပွဲဝင်ခဲ့ကြောင်း သိရသည်။ 

ထို့အပြင် KNU တပ်မဟာ (၅) နယ်မြေသို့ ကျူးကျော်လာသော ခလရ (၉၇) စစ်ကြောင်းအား တပ်မဟာ (၅) KNLA၊ BPLA ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်သား ၁၆ ဦးကို သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ 

ထုတ်ပြန်ချက်အရ တိုက်ပွဲဖြစ်စဉ်များအပြင် တစ်နှစ်ခွဲတာ ကာလအတွင်း ကျန်းမာရေးအခြေအနေကြောင့် BPLA ရဲဘော်သုံးဦး ကျဆုံးခဲ့ပြီး ရဲဘော်လေးဦးမှာ စစ်ကောင်စီတပ်​၏ ဖမ်းဆီးထောင်ချခြင်း ခံထားရကြောင်း သိရသည်။ 

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) အား ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၅) မူတြော်ခရိုင်အတွင်း အထိုင်ချကာ စစ်ရေးလှုပ်ရှားမှုအား ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတွင် စတင်ခဲ့သည်။

စာတည်း- သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly