ဖောင်းပြင်မြို့နယ်မှာ ၂ ရက်တာ တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှုရှိ 

By MTO (မဇ္ဈိမ)
01 July 2023
ဖောင်းပြင်မြို့နယ်မှာ ၂ ရက်တာ တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှုရှိ 

စစ်ကိုင်းတိုင်း ၊ ဖောင်းပြင်မြို့မှ ကော်ကမ်းကျေးရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့်ဒေသကာကွယ်ရေးတပ်ဖွဲ့များအကြား ဇွန်လ ၂၈ရက်နှင့် ၂၉ရက်တို့တွင် နှစ်ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဘက်က သုံးဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း Homalin People’s Defense Force (HPDF) မှ သတင်းထုတ်ပြန်သည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဘက်က ရှမ်းနီအမျိုးသားများတပ်မတော်(SNA)က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နှစ်ရက်တာ တိုက်ပွဲများအတွင်း  စစ်ကောင်စီတပ်ဖွဲ့ဘက်မှ အရာခံဗိုလ်တစ်ဦး ၊ တပ်သားတစ်ဦး နှင့် ရှမ်းနီအမျိုးသားများတပ်မတော်(SNA) မှ တစ်ဦး သေဆုံးခဲ့ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့များဘက်တွင် PDF  ရဲဘော်တစ်ဦးနှင့် ပကဖ ရဲဘော်တစ်ဦးတို့ ကျဆုံးခဲ့ကြပြီး စစ်ကောင်စီတပ်ဖွဲ့၏ သတ်ဖြတ်မှုကြောင့် ဒေသခံနှစ်ဦး သေဆုံးခဲ့သည်ဟု ဆိုသည်။

ဇွန်လ ၂၈ ရက် နှင့် ၂၉ ရက် တို့တွင် စစ်ကောင်စီတပ်ဖွဲ့နှင့်ရှမ်းနီ ပူးပေါင်းတပ်ဖွဲ့များသည် ဖောင်းပြင်မြို့မှ ကော်ကမ်းကျေးရွာသို့ လေကြောင်းပစ်ကူများပါ အသုံးပြု၍ စစ်ကြောင်းထိုးလာသည့်အတွက် တိုက်ပွဲများပြင်းထန်ခဲ့ကြောင်း HPDF အဖွဲ့က ဆိုသည်။

ဇွန်လ ၂၈ ရက် မနက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့က ရဟတ်ယာဉ် နှစ်စီးဖြင့် မိနစ် ၂၀ ခန့် လှည့်လည်ပစ်ခတ်ပြီးနောက် မြေပြင်ရှိ စစ်ကောင်စီတပ်ဖွဲ့နှင့် ဟုမ္မလင်း-ဖောင်းပြင် ဒေသကာကွယ်ရေး တပ်ဖွဲ့တို့အကြား တိုက်ပွဲများပြင်းထန်ခဲ့ကြောင်း HPDF က ထုတ်ပြန်သည်။ 

ကာကွယ်ရေးတပ်ဖွဲ့ များ ထောင်ထားသည့်မိုင်းများကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်လေးဦး ထိခိုက်ခဲ့ပြီး တစ်ဦးမှာ ဒဏ်ရာပြင်းထန်ခဲ့ကြောင်း HPDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းအပြင် ဇွန်လ ၂၉ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းပစ်ကူဖြင့် မိနစ် ၃၀ ခန့် ပစ်ခတ်ဗုံးကြဲပြီးနောက်  မြေပြင်ရှိ စစ်ကောင်စီတပ်ဖွဲ့အား ဒေသကာကွယ်ရေးတပ်ဖွဲ့မျာက စစ်ကြောင်း ငါးကြောင်းဖြင့် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း HODF အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့နောက် စစ်ကောင်စီတပ်ဖွဲ့သည် ဇွန်လ ၂၉ရက် ည  ၉နာရီ ၄၅ မိနစ်အချိန်တွင် JF-17 ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံးသီး နှစ်လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း HPDF က ထုတ်ပြန်ထားသည်။

စာတည်း။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။    ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required