တောင်ကြီးမြို့ရှိ ယာမြေများတွင် ဆောက်လုပ်ထားသော အိမ်ခြံများအား စစ်ကောင်စီမှ ဖျက်ခိုင်းနေ

By ရွှေနွယ် (မဇ္ဈိမ)
01 July 2023
တောင်ကြီးမြို့ရှိ ယာမြေများတွင် ဆောက်လုပ်ထားသော အိမ်ခြံများအား စစ်ကောင်စီမှ ဖျက်ခိုင်းနေ

ရှမ်းပြည်နယ်တောင်ပိုင်း၊  တောင်ကြီးမြို့တွင် လယ်ယာမြေများပေါ် ဆောက်လုပ်ထားသော အိမ်၊ ခြံနှင့် ကွန်ကရစ်လမ်းပိုင်းများအား စစ်ကောင်စီ၏ လယ်ယာ စီမံခန့်ခွဲရေးအဖွဲ့က  သတိပေးစာပို့ကာ ဖယ်ရှားခိုင်းနေကြောင်း ဒေသခံများက ပြောသည်။

 သတိပေးစာတွင် လယ်ယာမြေပေါ်တွင် ခွင့်ပြုချက်မရှိဘဲ အဆောက်အအုံဆောက်လုပ်ခြင်း၊ အုတ်တံတိုင်းကာရံခြင်းများ ဖယ်ရှားရန်ဟု ဖော်ပြထားပြီး လိုက်နာ ဖယ်ရှားခြင်းမရှိပါက တည်ဆဲလယ်ယာမြေဥပဒေအရ အရေးယူမည်ဟု သတိပေးစာတွင်ရေးသားဖော်ပြထားသည်။

"စာတွေပို့တာ ဖယ်ပေးဖို့ပေါ့နော့ သုံးကြိမ်ရှိပြီ။ လက်ရှိအထိတော့ လာဖျက်တာ၊ ဘာညာတော့ မရှိသေးဘူး မကြားသေးဘူး။ အကယ်လို့ မဖျက်နိုင်ရန် အကြောင်းအချက်ရှိရင်တော့ အသနားခံစာတင်ပေါ့။  တချို့လည်း ရက်လွန်နေပြီ သတိပေးထားတဲ့ရက်ပေါ့ ။  ဇွန်လ ၉ ရက်နေ့ နောက်ဆုံးဆိုပြီး စာရတဲ့သူတွေလည်းရှိတော့။ ဆောက်ထားပြီးဆိုတော့လည်းကိုယ့်ဘာသာတော့ဘယ်ဖျက်ပေးချင်မလဲ စောင့်ကြည့်နေကြတာပေါ့။ ဘာဖြစ်မလဲကတော့ ကျွန်တော်တို့လည်း စောင့်ကြည့်နေတာပါ” ဟု တောင်ကြီးမြို့တွင် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းလုပ်ကိုင်နေသူက မဇ္ဈိမကိုပြောသည်။

ဗုဒ္ဓတက္ကသိုလ် နှင့် မြို့ရှောင်လမ်း တစ်ဝိုက်ရှိ ယာမြေများရှိ အဆောက်အအုံပိုင်ရှင်များအား  စာပေးပို့နေခြင်းဖြစ်သည်။ 

တောင်ကြီးမြို့နယ်ရှိ မြေဧက ၅,၀၀၀ အား ဖယ်ရှားဖျက်သိမ်းရန် ကလောနှင့် အောင်ပန်းရှိ မြေစာရင်းရုံးဝန်ထမ်းများကိုပါ စေခိုင်းထားကြောင်း သတင်းရပြီး အချက်အလက် အတည်ပြုနိုင်ရန်  မဇ္ဈိမက ကြိုးစားနေဆဲဖြစ်သည်။ 

အောင်ပန်းမြို့ရှိ လူမှုကူညီရေးအသင်းတာဝန်ရှိသူတစ်ဦးက "တောင်ကြီးနဲ့ ဟိုပုံးကြားက ယာမြေပေါ် ဆောက်လုပ်ထားတာတွေကို ဖယ်ရှားခိုင်းနေတာပါ။ သတိပေးထားတယ်။ လက်ရှိအချိန်အထိတော့ စက်ယန္တယားသုံးဖယ်ရှားတာမျိုးမရှိသေးပါဘူး” ဟု ဆိုသည်။

ထိုကိစ္စရပ်နှင့်ပတ်သက်၍ မဇ္ဈိမအနေဖြင့် နောက်ဆက်တွဲအခြေအနေများအား အသေးစိတ်သိရှိနိုင်ရန် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

တောင်ကြီးမြို့၊ ကလောမြို့၊ ဟိုပုံးမြို့နှင့် အောင်ပန်းမြို့တို့တွင်  အိမ်ခြံမြေရောင်းဝယ်ရေးလုပ်ငန်း တွင်ကျယ်နေပြီး  နိုင်ငံတစ်ဝန်းမှ အိမ်ခြံမြေရင်းနှီးမြုပ်နှံလိုသူများသည် အိမ်ခြံမြေများ ဝယ်ယူထားကြကြောင်း အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူများထံက သိရသည်။ 

ပြီးခဲ့သည့်ရက်ပိုင်းကလည်း မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် နန်းဦးလွင်ကျေးရွာတွင် လယ်ယာမြေများနှင့် ပုံစံ (၇) ရရှိပြီးလယ်ယာမြေများပေါ်တွင် နေအိမ်ဆောက်လုပ်နေထိုင်ခြင်း၊ ကွန်ကရစ်လမ်းခင်းခြင်းနှင့် အုတ်တံတိုင်းကာရန်ခြင်း၊ မြေအရောင်းအဝယ်ပြုလုပ်နေခြင်းများရှိသည့်အတွက်ဟုဆိုကာ နေအိမ် ၁၀,၀၀၀ နီးပါးအား စစ်ကောင်စီက ၁၀ ရက်အတွင်းဖယ်ရှားရန် ဖိအားပေးခဲ့သည်။

ထိုကျေးရွာတွင် အိမ်ကြီးအိမ်ကောင်းများစွာရှိနေပြီး ဖယ်ရှားပေးရမည့် ဒေသခံများက  အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများနှင့် စာချုပ်ချုပ်ဆို ဝယ်ယူခဲ့သည့် မြေနေရာများသာဖြစ်သည်ဟု ပြောဆိုထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly