မေလအတွင်း ရန်ကုန်မြို့၌ သဲသောင်ပြင်ဘောလုံးကွင်း အပြီးတည်ဆောက်ရန် အဖွဲ့ချုပ်စီစဉ်

မေလအတွင်း ရန်ကုန်မြို့၌ သဲသောင်ပြင်ဘောလုံးကွင်း အပြီးတည်ဆောက်ရန် အဖွဲ့ချုပ်စီစဉ်
၂၀၁၄ အာရှသဲသောင်ပြင်ပြိုင်ပွဲတွင် မြန်မာအသင်း ၀င်ရောက်ယှဉ်ပြိုင်နေစဉ်။

ဧပြီ ၁ ၊ ရန်ကုန်။           ။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်ကော်မတီမှ ဦးစီး၍ လာမည့် မေလအတွင်း ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်၌ သဲသောင်ပြင်ဘောလုံးကွင်းအသစ်အား အပြီးတည်ဆောက်ရန် စီစဉ်ထားသည် ဟု ဖူဆယ်ကော်မတီဥက္ကဌ ဦးကြည်မင်းသိန်းက ပြောသည်။

အဆိုပါကွင်းတည်ဆောက်အပြီးတွင် မြန်မာ့လက်ရွေးစင် သဲသောင်ပြင်ဘောလုံးအသင်းအတွက် လေ့ကျင့်မှုများ၊ လူရွေးချယ်ပွဲများ၊ ချစ်ကြည်ရေးပွဲများ ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

“ မေလအတွင်းမှာ လက်ရွေးစင်အသင်းလူရွေးပွဲလုပ်ပါမယ်။ ဒါကြောင့် သဲသောင်ပြင်ဘောလုံးကွင်းကို ရန်ကုန်မှာ အရင်တည်ဆောက်မှာပါ။ ဒီသုဝဏ္ဏကွင်းနား သဃန်းကျွန်းမြို့နယ်ထဲမှာပါပဲ။ ဧပြီအကုန် မေလအတွင်း အပြီးဆောက်ဖို့ စီစဉ်ထားပါတယ်။ ကုန်ကျစရိတ်ကိုတော့ သေချာမသိသေးပါဘူး။ ကွင်းပြီးတာနဲ့ လက်ရွေးစင်အသင်းလူရွေးပွဲတွေ၊ ချစ်ကြည်ရေးပွဲတွေ ကစားဖို့ အားလုံးလုပ်သွားမှာပါ။ သဲသောင်ပြင်ဘောလုံးအသင်းက ဒီနှစ်ထဲမှာ အာဆီယံသဲသောင်ပြင်ဘောလုံးပြိုင်ပွဲ သွားကစားဖို့ ရှိပါတယ်။ လက်ရွေးစင်လူရွေးပွဲမှာ မည်သူမဆို ဝါသနာပါတဲ့သူတိုင်း လာပြိုင်ဖို့လည်း ဖိတ်ခေါ်ပါတယ် ” ဟု ဦးကြည်မင်းသိန်းက ပြောသည်။

မြန်မာ့လက်ရွေးစင်သဲသောင်ပြင်လက်ရွေးစင်အသင်းသည် ၂၀၁၄ ခုနှစ်က မလေးရှားနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် အာရှသဲသောင်ပြင်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း အောင်မြင်မှုမရရှိပဲ အုပ်စုအဆင့်ဖြင့်သာ ကျေနပ်ခဲ့ရသည်။ အာဆီယံ သဲသောင်ပြင်ချန်ပီယံရှစ် ပြိုင်ပွဲကို ယခုနှစ် သြဂုတ် ၅ ရက်မှ ၁၃ ရက်အထိ ဗီယက်နမ် နိုင်ငံ ဒါနန်းမြို့တွင် ကျင်းပမည်ဖြစ်ပြီး အိမ်ရှင် ဗီယက်နမ်နှင့်အတူ မြန်မာ၊ ထိုင်း၊ လာအို၊ မလေးရှား၊ တီမောနှင့် ပြိုင်ပွဲအဓိက စပွန်ဆာ FELDA အသင်းများ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly