ဗန်းမော်မြို့မှာ အသက် ၁၁ အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်သတ်ဖြတ်

By အဂမ် (မဇ္ဈိမ)
01 July 2023
ဗန်းမော်မြို့မှာ အသက် ၁၁ အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်သတ်ဖြတ်
ဓာတ်ပုံ- သေဆုံးသွားသည့် အမျိုးသမီးငယ် (CJ) 29m

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် အသက် ၁၁ အရွယ် မိန်းကလေးငယ် တစ်ဦးကို နှိပ်စက်ကာ အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ဆိုကြသည်။

ဗန်းမော်မြို့ ၊ ကုက္ကိုတောရပ်ကွက် (ရှမ်းဝိုင်း) မှာ ၂၀၂၃ ခုနှစ် ဇွန်လ ၂၈ ရက်နေ့  ညနေကျောင်းဆင်းပြီး အိမ်ပြန်ရောက်ချိန်တွင်  ၁၁ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို ဦးလေးတော်စပ်သူက အခန်းထဲဆွဲယူပြီး ပါးစပ်ပိတ် လည်ပင်းညှစ်ကာ နှိပ်စက် အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ မိသားစုဝင်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်များက ယခုလိုဆိုသည်။

“ တစ်ကိုယ်လုံး ဖောရောင်နေတော့ မြွေကိုက်ထားတယ်ထင်တာ၊ ဆေးရုံရောက်လို့ စစ်ဆေးကြည့်တော့မှ အဓမ္မပြုကျင့်ခံရတယ်ဆိုတာ သိရတာ ” ဟု သတင်းရင်းမြစ်က ပြောသည်။

အဓမ္မပြုကျင့်သူမှာ အသက် ၃၇ အရွယ် အင်ခွန်မာယော် ဆိုသူဖြစ်ပြီး၊ ကလေးတစ်ယောက်ဖခင်ဖြစ်ကာ အိမ်ထောင်ကွဲနေသူဖြစ်တယ်လို့ သိရသည်။

မိန်းကလေးငယ်ကို အဓမ္မမပြုကျင့်မီ နှိပ်စက်ခဲ့သည့်အတွက် နှာခေါင်းရိုးများကျိုးကာ ခြေ၊ လက်အရိုးများကျိုးကြေပြီး သေဆုံးသွားရသည့် ဒဏ်ရာလက္ခဏာများကို မိန်းကလေးငယ်၏ခန္ဓာကိုယ်ပေါ်တွင် တွေ့ရသည်ဟု စုံစမ်းသိရှိရသည်။

အဓမ္မပြုကျင့်သူမှာ သေဆုံးသူ မိန်းကလေးငယ်၏အလောင်းကို အိမ်အနောက်ဘက် ဝါးရုံပင်တွေအောက်၌ စွန့်ပစ်ဝှက်ထားခဲ့ရာမှ ဇွန်လ ၂၈ ရက်နေ့တွင် ရှာဖွေတွေ့ရှိရပြီး ယမန်နေ့ ဇွန် ၂၉ ရက်နေ့တွင် သင်္ဂြိုဟ်လိုက်ပြီလို့ သတင်းရင်းမြစ်များက ဆိုသည်။

ကျူးလွန်ခဲ့သူအား မိန်းကလေးငယ်ကိုသင်္ဂြိုဟ်ပြီးနောက်ပိုင်း ဗန်းမော်မြို့မရဲ့စခန်းတွင် (ပ) ၁၀၁/၂၀၂၃၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂/၃၇၆/၅၁၁ အရ အမှုဖွင့်ကာ စစ်ဆေးနေတယ်လို့ ဗန်းမော်ရဲစခန်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်များက အတည်ပြုထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly