မြောက်ကိုရီးယား နျူကလီးယားအရေး တရုတ်နှင့် အမေရိကန် ပူးပေါင်းဆောင်ရွက်မည်

မြောက်ကိုရီးယား နျူကလီးယားအရေး တရုတ်နှင့် အမေရိကန် ပူးပေါင်းဆောင်ရွက်မည်

ဝါရှင်တန်၊ ဧပြီ၊ ၁ ။                ။ မြောက်ကိုရီးယားနိုင်ငံက နျူကလီးယားစမ်းသပ်မှုနှင့် ဒုံးကျည်များပစ်ခတ်စမ်းသပ်နေမှုတို့ကို ကာကွယ်တားဆီးရာတွင် ပူးပေါင်းဆောင်ရွက်သွားရန် တရုတ်နိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့ကြားတွင် သဘောတူညီမှုတစ်ရပ် ရရှိခဲ့သည်။

မြောက်ကိုရီးယားသည် မကြာသေးမီရက်သတ္တပတ်များအတွင်းမှာပင် ဟိုက်ဒြိုဂျင်ဗုံးစမ်းသပ်မှုတစ်ခုနှင့် ဒုံးကျည်ပစ်ခတ် စမ်းသပ်မှု အကြိမ်ရေမနည်းပြုလုပ်ခဲ့သည်။

တရုတ်သမ္မတရှီကျင့်ဖျင်နှင့် အမေရိကန်သမ္မတအိုဘားမားတို့သည် ကြာသာပတေးနေ့က ဝါရှင်တန်တွင် ကျင်းပပြုလုပ် သော နျူကလီးယားထိပ်သီးဆွေးနွေးပွဲတစ်ခုအတွင်းတွင် သီးခြားတွေ့ဆုံဆွေးနွေးမှု များပြုလုပ်ခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် တရုတ်နှင့်အမေရိကန်အကြားထိုကဲ့သို့ သဘောတူပြီးနောက် နာရီပိုင်းအကြာမှာပင် မြောက်ကိုရီးယားက ဒုံးကျည်စမ်းသပ်ပစ်ခတ်မှုတစ်ခု ထပ်မံပြုလုပ်ခဲ့သည်ဟု ယူဆရကြောင်း တောင်ကိုရီးယားသတင်းဌာနတစ်ခုဖြစ်သည့် Yonhap သတင်း ဌာနက ကြေညာသွားခဲ့သည်။

ထိုကဲ့သို့ မြောက်ကိုရီးယားကစမ်းသပ်ပစ်ခတ်လိုက်သည့် ဒုံးကျည်သည် ကိုရီးယားကျွန်းဆွယ် အရှေ့ဘက်ကမ်းရိုးတမ်းသို့ ကျခဲ့သည်ဟု ယူဆရကြောင်းလည်း ယင်းသတင်းဌာနက ကြေညာခဲ့သေးသည်။

ကမ္ဘာ့နိုင်ငံများကြားတင်းမာမှုများမြင့်တက်လာနိုင်ပြီး နိုင်ငံတကာစည်းမျဉ်းဥပဒေများကို ချိုးဖောက်နေသည့် နျူကလီးယား ကဲ့သို့သော လက်နက်စမ်းသပ်မှုများ လုပ်ဆောင်လိုစိတ်လျော့ကျသွားအောင် မည်ကဲ့သို့ဆောင်ရွက်သင့်ကို ပူးပေါင်းအဖြေရှာသွားရန် သူနှင့် မစ္စတာရှီ တို့သဘောတူညီခဲ့သည်ဟု အိုဘားမားက ပြောကြားခဲ့သည်။

တရုတ်သမ္မတရှီကျင့်ဖျင်ကလည်း ဝါရှင်တန်ဆွေးနွေးပွဲသည် အပြုသဘောဆောင်ပြီး အထောက်အကူဖြစ်ကာ အဓိပ္ပါယ်ပြည့်ဝသည်ဟုမှတ်ချက်ပြုကြောင်း တရုတ်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးတစ်ဦးက ပြောကြားသည်။

သို့ရာတွင် မြောက်ကိုရီးယား၏ အဓိကကုန်သွယ်ဖက်နိုင်ငံဖြစ်သော တရုတ်နိုင်ငံ၏ သမ္မတရှီကျင့်ဖျင်သည် မြောက်ကိုရီးယားအပေါ် တင်းကျပ်သည့်ပိတ်ဆို့မှုများချမှတ်ခြင်းကိုမူ ဝေဖန်ပြောကြားခဲ့သည်။

မြောက်ကိုရီးယားသည် ကုလသမဂ္ဂက ချမှတ်ထားသည့် တားမြစ်မှုများကိုချိုးဖောက်ပြီး ဇန်နဝါရီလ၊ ၆ ရက်နေ့က နျူကလီးယားစမ်းသပ်မှုတစ်ခုလုပ်ခဲ့သလို ဖေဖော်ဝါရီလ၊ ၇ ရက်နေ့ကလည်း ဂြိုဟ်တုလွှတ်တင်မှုတစ်ရပ် ပြုလုပ်ခဲ့သည်။

ထိုစမ်းသပ်မှုများလုပ်ဆောင်အပြီးတွင် အမေရိကန် နှင့် ကုလသမဂ္ဂတို့က မြောက်ကိုရီးယားအပေါ် ပိတ်ဆို့မှုများ ထပ်မံချမှတ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly