ထိုင်းတွင် အဆိုးဆုံး ကွင်းဆက်လူသတ်မှု ကျူးလွန်သည့် အမျိုးသမီးအား စုံစမ်းစစ်ဆေးမှု အပြီးသတ်

ထိုင်းတွင် အဆိုးဆုံး ကွင်းဆက်လူသတ်မှု ကျူးလွန်သည့် အမျိုးသမီးအား စုံစမ်းစစ်ဆေးမှု အပြီးသတ်
Photo-AFP

ထိုင်းနိုင်ငံ၏ “ဆိုင်ယာနိုက်အဆိပ် လူသတ်သမား” ဟု သတင်းများက ဖော်ပြကာ နိုင်ငံ၏ အဆိုးဆုံးသော ကွင်းဆက်လူသတ်သမားဟု အာဏာပိုင်များက ပြောဆိုထားသည့် လူ ၁၄ ဦး အနည်းဆုံး သတ်ဖြတ်ခဲ့သည်ဟု စွပ်စွဲခံရသော အမျိုးသမီးဖြစ်သူကို စုံစမ်းစစ်ဆေးမှုအား ရဲက အပြီးသတ်လိုက်ပြီ ဖြစ်သည်။

အသက် ၃၆ နှစ်အရွယ် ဆာရာရတ် ရန်စီဝူသာပွန်သည် အသတ်ခံရသူများ၏ မိသားစုများက စွပ်စွဲပြောဆိုလာခြင်းများကြောင့် ဧပြီလအတွင်း ဖမ်းဆီးခံရခြင်း ဖြစ်သည်။ ဆာရာရတ်သည် ၂၀၁၅ မှ ၂၀၂၃ ခုနှစ်အတွင်း ပြည်နယ် ရှစ်ပြည်နယ်၌ လူ ၁၄ ဦးကို ၎င်းတို့၏ အစားအစာထဲ ဆိုင်ယာနိုက်အဆိပ် ထည့်ပြီး သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု ရဲက ပြောသည်။

အသတ်ခံရသူ အများစုမှာ ဆာရာရတ်အား ငွေချေးထားသူများ ဖြစ်ကြပြီး အခြားသူများမှာ ဆာရာရတ်က ခိုးမှုကျူးလွန်ထားသူများ ဖြစ်ကြောင်း ရဲက ပြောပြီး သူ အဆိပ်ခပ်သော ပစ်မှတ်မှ တစ်ဦးက အသက်ရှင်သန်ခဲ့သည်ဟု ဖြည့်စွက်ဆိုသည်။ ဆိုင်ယာနိုက်အဆိပ်သည် ခန္ဓာကိုယ်၏ အောက်ဆီဂျင် သုံးစွဲနိုင်မှုကို ဟန့်တားနှောင့်ယှက်ပြီး ချက်ချင်း သက်ရောက်မှု ရှိသည့် သေစေနိုင်သော ဓာတုပစ္စည်း ဖြစ်သည်။

လူမသတ်ကြောင်း ဆာရာရတ်က ငြင်းဆန်သော်လည်း ဆိုင်ယာနိုက် အသုံးပြုခဲ့သည်ဆိုခြင်းကို ဝန်ခံထားသည်ဟု ရဲက ပြောသည်။

ယခု အမှုသည် “သမိုင်းတွင်” ပြီး သောကြာနေ့နောက်ပိုင်း၌ တရားရုံးတင်မည်ဖြစ်ကြောင်း လက်ထောက်ရဲချုပ် ဆူရာချက်တီက ပြောဆိုသည်။

“အရင်က ထိုင်းမှာ ကွင်းဆက်လူသတ်သမားတွေ ရှိခဲ့ဖူးတယ်၊ ဒါပေမဲ့ အခုလောက် များများစားစား သတ်တာမျိုး မဟုတ်ဘူး”ဟု ၎င်းက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ဆာရာရတ်အနေဖြင့် ဆိုင်ယာနိုက်အဆိပ်ခပ်မှု၊ လိမ်လည်မှု၊ ခိုးမှုနှင့် ကြိုတင်ကြံစည် လူသတ်မှုတို့ အပါအဝင် စွဲချက်ပေါင်း ၈၀ နှင့် ရင်ဆိုင်နေရပြီး သေဒဏ်အပြစ်ပေးနိုင်ကြောင်း ဆူရာချက်တီက ပြောကာ ဆိုင်ယာနိုက် ရရှိမှုတွင် စည်းမျဉ်းစည်းကမ်းများ တင်းကြပ်သွားရတော့မည်ဖြစ်သည်ဟု ဖြည့်စွက်ပြောဆိုသည်။

(မိုးသဲ ဘာသာပြန်သည်။)

https://www.reuters.com/world/asia-pacific/thai-police-conclude-probe-in...

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly