လက်နက်ကိုင်တိုက်ပွဲများကြောင့် မြန်မာဒုက္ခသည် ၄,၀၀၀ ကျော် ထိုင်းနိုင်ငံထဲ ဝင်ရောက်

By Parchatai
30 June 2023
လက်နက်ကိုင်တိုက်ပွဲများကြောင့် မြန်မာဒုက္ခသည် ၄,၀၀၀ ကျော် ထိုင်းနိုင်ငံထဲ ဝင်ရောက်
ဓါတ်ပုံ- ပုံဟောင်း

မြန်မာနိုင်ငံတွင်းက လက်နက်ကိုင်ပဋိပက္ခများကြောင့် မြန်မာဒုက္ခသည် ၄,၈၇၈ ဦးသည် ထိုင်းနိုင်ငံတွင်းသို့ ဝင်ရောက်လာကြောင်း ထိုင်း-မြန်မာ နယ်စပ်ကွပ်ကွဲရေးစင်တာ ကြေညာသည်။ ထိုင်း၏ ပိုင်နက် ဝေဟင်ထဲ ကျူးကျော်မှု မှန်သမျှကို တားဆီးနိုင်ရေးအတွက် တော်ဝင်ထိုင်းလေတပ် RTAF က ထောက်လှမ်းရေးလေယာဉ်များ ဆက်တိုက်တပ်ဖြန့်ထားချိန်လည်း ဖြစ်သည်။

မယ်ဟောင်ဆန်ပြည်နယ်၏ မယ်ဆာရန်းနှင့် ခွန်ယမ်းခရိုင်များ၏ တစ်ဖက် နယ်စပ်တစ်လျှောက်တွင် မြန်မာစစ်တပ်နှင့် လက်နက်ကိုင်အဖွဲ့များကြား ထိပ်တိုက်တိုက်ပွဲများ ဖြစ်ပွားနေကြောင်း ထိုင်း-မြန်မာနယ်စပ်ကွပ်ကဲရေးစင်တာ၏ ဇွန် ၂၈ ရက် ထုတ်ပြန်ချက်ကို The Reporters သတင်းဌာနက ဇွန် ၂၉ ရက်တွင် ကိုးကားဖော်ပြသည်။

ယင်းအတွက် ရလဒ်အဖြစ် မြန်မာဒုက္ခသည် ၄,၉၇၈ ဦးသည် ထိုင်းနိုင်ငံတွင်းသို့ ဖြတ်ကျော်ဝင်ရောက်လာပြီး မယ်ဟောင်ဆန်ပြည်နယ်က ယာယီခိုလှုံရေးစခန်း လေးခု၊ မယ်ဆာရန်းက သုံးခုနှင့် ခွန်ယမ်းက တစ်ခုတို့တွင် နေထိုင်နေကြောင်း သိရသည်။

ထိုင်းနိုင်ငံသားတို့၏ အသက်အိုးအိမ်စည်းစိမ်အပေါ် ဖြစ်လာနိုင်သော သက်ရောက်မှုများကို ပြင်ဆင်ထားရန်အတွက် မြန်မာဘက်ခြမ်းက အခြေအနေကို Naresuan တပ်ဖွဲ့နှင့် မယ်ဟောင်ဆန် ပြည်နယ်စီမံခန့်ခွဲရေးရုံးတို့က အနီးကပ်စောင့်ကြည့်လျက် ရှိသည်။

တော်ဝင်ထိုင်းလေတပ်ကလည်း ထိုင်းဝေဟင်ထဲ ကျူးကျော်လာလျှင် လေယာဉ်များ တပ်ဖြန့်ရန်အတွက် အသင့်ပြင်ထားပြီး ဝေဟင်ထောက်လှမ်းမှုများ ဆက်တိုက် လုပ်ဆောင်နေသည်။

လူအခွင့်အရေးမူဘောင်များကို အခြေခံပြီး နေရပ်ရွှေ့ပြောင်းလာသော မြန်မာဒုက္ခသည်များကို ဘေးကင်းလုံခြုံရေးနှင့် လူသားချင်း စာနာထောက်ထားရေး အကူအညီများ ပေးပို့ထောက်ပံ့ရန်အတွက် မယ်ဟောင်ဆန်ရှိ ထိုင်း-မြန်မာ နယ်စပ်ကွပ်ကဲရေး စင်တာက သက်ဆိုင်ရာဌာနများနှင့် ပူးတွဲဆောင်ရွက်လျက် ရှိသည်။

ကြက်ခြေနီအဖွဲ့ကလည်း အစိုးရ၊ ပုဂ္ဂလိကနှင့် ဌာနေများ၏ လှူဒါန်းမှုများကို လက်ခံလျက် ရှိနေသည်။ မယ်ဆာရန်းနှင့် ခွန်ယမ်းတို့တွင် အလှူဌာနများ ဖွင့်လှစ်ထားပြီး အစိုးရရုံးပိတ်ရက်အပါအဝင် နေ့စဉ်နေ့တိုင်း ဖွင့်လှစ်ထားသည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required