အမေရိကန်နှင့် အိန္ဒိယ အစိုးရနှစ်ရပ် ပူးတွဲထုတ်ပြန်ချက် အပေါ် CRPH ကြိုဆို 

By ပါခွီး (မဇ္စျိမ)
30 June 2023
အမေရိကန်နှင့် အိန္ဒိယ အစိုးရနှစ်ရပ် ပူးတွဲထုတ်ပြန်ချက် အပေါ် CRPH ကြိုဆို 

အမေရိကန်ပြည်ထောင်စုနိုင်ငံနှင့် အိန္ဒိနိုင်ငံတို့ ပူးတွဲထုတ်ပြန်သော မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ကြေညာချက်ကို ကြိုဆိုကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ(CRPH) က ဇွန်လ ၂၈ရက်နေ့ တွင်ထုတ်ပြန်သည်။

နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦး ဇွန်လ ၂၂ရက်က ထုတ်ပြန်ခဲ့သည့် ကြေညာချက်အပိုဒ် (၃၀) တွင် “ခေါင်းဆောင်များမှ ဆိုးရွာလာနေသည့် မြန်မာနိုင်ငံအခြေအနေများနှင့်ပတ်သက်၍ အလွန်စိုးရိမ်ကြောင်းဖော်ပြခဲ့ပြီး မတရားဖမ်းဆီးခံ ချုပ်နှောင်ခံထားရသူများ အားလုံးကို ပြန်လွှတ်ပေးရေး ၊အပြုသဘောဆောင်သည့် တွေ့ဆုံဆွေးနွေးရေး ဖြစ်ထွန်းပေါ်ပေါက်လာရေးနှင့် အားလုံးပါဝင်သည့် ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်နိုင်ရေးကို ရှေးရှု၍ မြန်မာအသွင်ကူးပြောင်းရေးတို့ကို တောင်းဆိုခဲ့သည်” ဟု ဖော်ပြထားသည်။

အဆိုပါကြေညာချက်တွင်ပါရှိသည့် တရားမဝင်အာဏာသိမ်း စစ်ကောင်စီက ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင်ထားသူအားလုံးကို ပြန်လွှတ်ပေးရေးနှင့် အားလုံးပါဝင်သော ဖက်ဒရယ်ဒီမိုကရေစီစနစ်အား ဖော်ဆောင်နိုင်မည့် မြန်မာ့နိုင်ငံ၏ အသွင်ကူးပြောင်းရေး စသည့် တောင်းဆိုချက်များကို ထောက်ခံကြိုဆိုကြောင်း CRPH ထုတ်ပြန်ချက်တွင် ဆိုသည်။

သို့သော် CRPH က  အပြုသဘောဆောင်သည့် တွေ့ဆုံဆွေးနွေးရေးဟု ဆိုရာ၌ လက်ရှိမြန်မာပြည်သူများ၏ ပြင်းပြသည့် နိုင်ငံရေးအာသီသ ဖော်ဆောင်မှုဖြစ်သော စစ်အာဏာရှင်စနစ် အဆုံးသတ်မည့် တော်လှန်ရေးအရှိန်အဟုန်ကို မျက်ကွယ်ပြုရန် မဖြစ်နိုင်ကြောင်းနှင့် စစ်အာဏာရှင်များက ကျူးလွန်ခဲ့ ၊ ကျူးလွန်ဆဲဖြစ်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများ ၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများအတွက် တရားမျှတမှုဖော်ဆောင်ရေးနှင့် နောင်အနာဂတ်တွင်လည်း ယခုကဲ့သို့ အခြေအနေများ ထပ်မံမဖြစ်ပေါ်ရေးတို့သည်လည်း အရေးကြီးသော ကဏ္ဍဖြစ်သည်ကို အလေးအနက်သတိချပ်ရမည်ဖြစ်ကြောင်း သတိပေးထားသည်။

ခေါင်းဆောင်နှစ်ဦး စိုးရိမ်သကဲ့သို့ မြန်မာနိုင်ငံ၏ ဆိုးရွားသော အခြေအနေများကို အမြန်ဆုံးအဆုံးသတ်နိုင်ရန်မှာ အာဏာသိမ်းစစ်တပ်၏ ဥပဒေမဲ့ ဖမ်းဆီးထိန်းသိမ်း ခံထားရသူအားလုံးကို ခြွင်းချက်မရှိပြန်လွှတ်ပေးရေး အပါအဝင် စစ်တပ်က လက်နက်အားကိုးဖြင့် နိုင်ငံတော်အား တရားမဝင်ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေမှုကို အဆုံးသတ်လိုအပ်သောကြောင့် လက်တွေ့ကျသော ထိရောက်သော ကူညီမှုများပေးရန် အထူးလိုအပ်ကြောင်းလည်း CRPH က ဆိုသည်။

စစ်အာဏာရှင်လက်အောက်မှ လွတ်မြောက်ရေးနှင့် ဒီမိုကရေစီအရေး ကြိုးပမ်းနေ သော မြန်မာပြည်သူများ၏ ရုန်းကန်မှုကို စာနာသောအားဖြင့် စစ်ကောင်စီနှင့် စီးပွားရေး ၊ သံတမန်ရေး နှင့် စစ်ရေးပူးပေါင်းဆောင်ရွက်နေမှုများကို ရပ်တန့်နှင့် ကိုယ်တိုင်သော်၎င်း အမေရိကန်နှင့် ပူးပေါင်း၍သော်၎င်း စစ်ကောင်စီကို ပိတ်ဆို့ဖိအားပေးမှုများ တိုးမြှင့်လုပ်ဆောင်ရန် CRPH က အိန္ဒိယနိုင်ငံကို တိုက်တွန်းထားသည်။

အမေရိကန်နှင့် အိန္ဒိယနိုင်ငံတို့အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ဒီမိုကရေစီအင်အားစုများအား ထိရောက်သော ပံ့ပိုးကူညီမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်ရန်လည်း တောင်းဆိုထားသည်။

 “ကမ္ဘာ့ဒီမိုကရေစီ နိုင်ငံကြီးနှစ်နိုင်ငံတွေ့ဆုံမှုက ဒီမိုကရေစီအရေး စိုးရိမ်မိတဲ့အကြောင်းထုတ်ဖော်မှုလို့ပဲ ယူဆတယ် ။ ဒီတွေ့ဆုံဆွေးနွေးမှုကနေ မြန်မာနိုင်ငံအရေးအတွက် ပြောင်းလဲဖို့ ကြီးကြီးမားမား ပေါ်ပေါက်လာအောင် အတွင်းကျကျ ဆွေးနွေးလိမ့်မယ်လို့မယူဆဘူး. ဒီဆွေးနွေးချက်တွေနဲ့ပတ်သက်ပြီး ကျနော်တို့အနေနဲ့ အထူးအထွေမျော်လင့်ချက်မရှိပါဘူး” ဟု India For Myanmar လှုပ်ရှားမှုတာဝန်ရှိသူတစ်ဦးက မဇ္စျိမ ကိုပြောသည်။

နှစ်နိုင်ငံပူးတွဲကြေညာချက်အပေါ် စစ်ကောင်စီဘက်က ကန့်ကွက်စာထုတ်ပြန်လာသည့်အတွက် အိန္ဒိယနှင့် စစ်ကောင်စီဆက်ဆံရေးတွင် အနည်းငယ်ပြောင်းလဲနိုင်ကြောင်းဆိုသည်။

မည်သို့ပင်ဆိုစေကာမူ အိန္ဒိယနိုင်ငံအနေဖြင့် ၎င်းတို့၏ ကိုယ်ကျိုးစီးပွားကို စွန့်လွှတ်ပြီး တော်လှန်ရေးဘက်သို့ ပါဝင်လာနိုင်ရန်မှာ အလွန်ပင်နည်းပါးလွန်းသော အနေအထားဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ဆက်ပြောသည်။

အိန္ဒိယနိုင်ငံက စစ်ကောင်စီတပ်ကို အဆင့်မြင့်နည်းပညာများအကူအညီပေးခြင်း ၊ စစ်လက်နက်ရောင်းချခြင်းများနှင့် စွမ်းရည်မြှင့်သင်တန်းများပေးနေသည်ကို သိရှိရသော်လည်း လက်တွေ့ကျသော သတင်းထုတ်ပြန်ခြင်းမရှိသောကြောင့် ၎င်းတို့အနေဖြင့် ထုတ်ဖော်ကြေညာခြင်းမပြုလုပ်နိုင်လျက်ရှိကြောင်း India For Myanmar တာဝန်ရှိသူကပြောဆိုသည်။

India For Myanmar လှုပ်ရှားမှုအတွက် ၂၀၂၁ ခုနှစ် အောက်တိုဘာလတွင်  အဖွဲ့ဝင်များ စတင် စုစည်းခဲ့ပြီး လွတ်လပ်အမှီခိုကင်းသည့်လှုပ်ရှားမှုဖြစ်ကာ အိန္ဒိယနိုင်ငံရှိ ဒီမိုကရေစီ၊ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများ၊ ပညာရှင် များနှင့် အဖွဲ့အစည်းကိုယ်စားလှယ်များ ချိတ်ဆက်ပါ၀င်လျက်ရှိသည်။

ယင်းအပြင် မြန်မာပြည်အရေး ပိုမိုသိရှိလာစေရန်နှင့် သွေးစည်းညီညွတ်မှုတိုးမြင့်စေမည့် မြေပြင်လှုပ်ရှား မှုများ၊ တိုက်တွန်းနှိုးဆော်မှုများအား အိန္ဒိယနိုင်ငံရှိပြည်နယ်များအတွင်း ပြုလုပ်နေသောလှုပ်ရှားမှုဖြစ်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly