မင်းလှမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာစိုက်ဘဏ်အတွင်းရေးမှူးပစ်ခတ်ခံရ၍ သေဆုံး

By ရွှေနွယ် (မဇ္ဈိမ)
30 June 2023
မင်းလှမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာစိုက်ဘဏ်အတွင်းရေးမှူးပစ်ခတ်ခံရ၍ သေဆုံး

ပဲခူးတိုင်း အနောက်ခြမ်း၊ သာယာဝတီခရိုင် မင်းလှမြို့နယ် ငလှစမ်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှမြင့်နှင့် ဇရစ်မြှောင်ကျေးရွာ စိုက်ပျိုးရေးဘဏ်အတွင်းရေးမှူး ဦးမြင့်ဌေးတို့နှစ်ဦးအား ပစ်ခတ်ခဲ့သည်ဟု သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပြောသည်။

အဆိုပါ နှစ်ဦးသည် မင်းလှမြို့မှ ရန်ကုန်−ပြည်ကားလမ်းအတိုင်း ပြန်လာစဉ် သပြေစမ်းကျေးရွာအနီး၌  ယနေ့  ဇွန်လ ၃၀ ရက်နေ့နံနက် ၁၁ နာရီအချိန်ခန့်တွင်   ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး နှစ်ဦးစလုံး သေဆုံးသွားကြောင်းသိရသည်။

“သူတို့ဆိုင်ကယ်ကို ပစ်လိုက်တာမှာ သူတို့ဘက်က ပါလာတဲ့ ပစ္စတိုနဲ့ ရဲဘော်တွေကို ပြန်ပစ်ဖို့လုပ်ပါတယ်။ ဒါပေမယ့် ဒီဘက်ကတော့ မထိဘူး သူတို့နှစ်ဦးတော့ သေသွားတယ်။ သေနတ်တော့ ကောက်ချိန်မမီလိုက်ဘူး” ဟု သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးမှ မဇ္ဈိမကို ပြောသည်။

ပစ်ခတ်မှုအတွင်း ဖုန်းတစ်လုံးနှင့် ငွေသား ၃၈၆,၀၀၀ ကျပ်သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။ အုပ်ချုပ်ရေးမှူး ဦးလှမြင့်သည် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၉ ရက်နေ့က ကာကွယ်ရေးတပ်ဖွဲ့ဝင်များပစ်ခတ်၍ သေဆုံးခဲ့သည့် အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းနေရာတွင် အစားထိုးခံရသော အုပ်ချုပ်ရေးမှူးဖြစ်သည်။

"ဦးလှမြင့်က ကာကွယ်ရေးတပ်ဖွဲ့တွေကို ခြိမ်းခြောက်ပြောဆိုတာမျိုးတွေရှိတယ်၊ သူ့အိမ်မှာလည်း ကြံ့ခိုင်ရေးပါတီ အလံထောင်ထားတာရှိတယ်။ နောက်တခြား တော်လှန်ရေးမှာ အဟန့်အတားဖြစ်စေတဲ့ကိစ္စတွေနဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ ကိစ္စတွေလည်းရှိပါတယ်။ ပစ်ခတ်တဲ့အချိန်ကလည်း သူတို့မှာ သေနတ်ပါတယ်။ လက်နက်ကိုင်ခွင့်ရထားသူပေါ့" ဟု သာယာဝတီခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးမှ မဇ္ဈိမကိုပြောသည်။

အဆိုပါ ပစ်ခတ်မှုကို သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း (၃၈၀၂) တပ်ခွဲ (၃) မှလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် တပ်ဖွဲ့ဝင်များမှာ လွတ်မြောက်ရာနယ်မြေသို့ ပြန်လည်ရောက်ရှိပြီဖြစ်ကြောင်း သိရသည်။

ပဲခူးတိုင်းအနောက်ခြမ်းတွင် အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးများ၊ ရဲတပ်ဖွဲ့ဝင်များ ရှင်းလင်းသည့် မစ်ရှင်များကို မကြာခဏလုပ်ဆောင်လေ့ရှိပြီး ထိုသို့လုပ်ဆောင်ရာတွင်လည်း ပြည်သူနှင့် တော်လှန်ရေးအင်အားစုများအပေါ် ဖိနှိပ်ထိခိုက်စေသည့်လုပ်ရပ်များ လုပ်ဆောင်ခြင်းကို အဆင့်ဆင့်စိစစ်ပြီး တာဝန်ရှိသူများ၏ အတည်ပြုချက်ရယူပြီးသည့် စစ်တပ်ဒေါက်တိုင်များကိုသာ ရှင်းလင်းခြင်းဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့အသိုင်းအဝိုင်းမှဆိုသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required