ကမ္ဘာပေါ်တွင် လူကြီး ရှစ်ဦးလျင် တစ်ဦးမှာ အဝလွန်လျက်ရှိ

ကမ္ဘာပေါ်တွင် လူကြီး ရှစ်ဦးလျင် တစ်ဦးမှာ အဝလွန်လျက်ရှိ

ပါရီ၊ ဧပြီ ၁ ။                ။ ကမ္ဘာ၌ ယခုအခါ လူကြီးရှစ်ဦးလျင် တစ်ဦးမှာ အဝလွန်လျက်ရှိရာ ၁၉၇၅ နောက်ပိုင်း နှစ်ဆကျော်ရှိလာသော အချိုးတစ်ခုဖြစ်ပြီး ၂၀၂၅တွင် လူကြီးငါးဦးလျင် တစ်ဦးနှုန်း အဝလွန်လာနိုင်သည်ဟု ကြီးမားသည့် စစ်တမ်းတစ်ခုက ဧပြီ ၁တွင် ထုတ်ပြန်ခဲ့သည်။

၂၀၁၄က အသက်ရှင်လျက်ရှိသော လူကြီး ၅ ဘီလျံခန့်အနက် ၆၄၁သန်းမှာ အဝလွန်နေခဲ့သည်ဟု အချက်အလက်များက ပြသခဲ့သည်။ အဝလွန်သူဦးရေမှာ လာမည့်ကိုးနှစ်အတွင်း ၁ဒသမ၁ဘီလျံအထိရှိလာမည်ဟု ခန့်မှန်းထားသည်။

သွေးဖိအားမြင့်မားမှုနှင့် ကိုလက်စထရောမြင့်မားမှုကို ဖြစ်စေသော အဆီနှင့် သကြားမြင့်မားသော အစားအစာများကြောင့် ဆိုးဆိုးဝါးဝါးအဝလွန်မှုနှင့် ရောဂါများဖြစ်ပွားနိုင်ကြောင်း သုတေသနက သတိပေးခဲ့သည်။ "ကျွန်တော်တို့ မသိသေးတဲ့ ကျန်းမာရေးအကျိုးဆက်တွေလည်း ရှိပါသေးတယ်"ဟုအင်ပီးရီးယယ်ကောလိပ်လန်ဒန်မှ စာတမ်းရေးသူ မာဂျစ်အက်ဇာတီက ပြောသည်။

တစ်ကမ္ဘာလုံးက လက်ခံထားသော ကိုယ်အလေးချိန်နှင့် အရပ်၏ အချိုး (BMI) အရ လူများကို ကျန်းမာသူနှင့် မကျန်းမာသူဟူ၍ ခွဲခြားထားသည်။ ကျန်းမာသော BMI မှာ ၁၈ဒသမ၅မှ ၂၄ ဒသမ ၉ အထိရှိ သည်။ BMI၁၈ဒသမ၅အောက်မှာ ကိုယ်အလေးချိန်လျော့နည်းပြီး BMI ၂၅နှင့် အထက်မှာ ကိုယ်အလေးချိန်လွန်ကဲသူဖြစ်သည်။ BMI ၃၀မှ စ၍ ဆီးချို၊ လေဖြတ်ခြင်း၊ နှလုံးရောဂါနှင့် ကင်ဆာရောဂါ များဖြစ်နိုင်ခြေမှာ ကြီးကြီးမားမားမြင့်တက်လာသည်။

တစ်ကမ္ဘာလုံးအတိုင်းအတာအရ အမျိုးသားများအနက် အဝလွန်သူမှာ ၁၉၇၅တွင် အမျိုးသားလူဦးရေ၏ ၃ဒသမ၂ရာခိုင်နှုန်းသာရှိခဲ့သော်လည်း ၂၀၁၄တွင် ၁၀ဒသမ၈ရာခိုင်နှုန်း (၂၆၆သန်းခန့်) အထိရှိလာ ခဲ့သည်။ အမျိုးသမီးများအနေဖြင့် ၁၉၇၅က ၆ဒသမ၄ရာခိုင်နှုန်းသာရှိခဲ့သော်လည်း ၂၀၁၄တွင် ၁၄ဒသမ၉ရာခိုင်နှုန်း(၃၇၅သန်း)ရှိလာခဲ့သည်။

ယခုနှုန်းအတိုင်းဆက်လက်သွားနေပါက ၂၀၂၅ခုနှစ်တွင် အမျိုးသားများ ငါးပုံတစ်ပုံ(၁၈ရာခိုင်နှုန်း)နှင့် အမျိုးသမီး ၂၁ ရာခိုင်နှုန်းမှာ  အဝလွန်သူများဖြစ်လာမည်ဟု The Lancet ဆေးပညာ ဂျာနယ်က ဖော်ပြခဲ့သည့် ကြေညာချက်တစ်ခုတွင် ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly