နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၉  ဇွန်  ၂၀၂၃)

By မဇ္ဈိမ 
29 June 2023
နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၉  ဇွန်  ၂၀၂၃)

အမျိုးသားညီညွတ်ရေး အစိုးရ
•    အစ္စလာမ်ဘာသာဝင်များ၏ ထူးနေ့မြတ်တစ်ရက်ဖြစ်သည့် "အီဒုလ်အသွဟာ" ကုရ်ဘာနီစွန့်လွှတ်လှူဒါန်းမှု အိးဒ်ပွဲတော်နေ့အခါသမယတွင်  မြန်မာနိုင်ငံသူ၊နိုင်ငံသား အစ္စလာမ်ဘာသာဝင်အပေါင်း ရွှင်လန်းချမ်းမြေ့ ကြပါစေ ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက သဝဏ်လွှာ ပေးပို့ကာ ဆုတောင်းမေတ္တာ ပို့သသည်။
•    အမေရိကန်နှင့် အိန္ဒိယနိုင်ငံ တို့အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရနှင့် ဒီမိုကရေစီအင်အားစုများကို ထိရောက်သည့် ပံ့ပိုးကူညီမှုများဖြင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်ပေးရန်အတွက် ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က လေးလေးနက်နက် ထပ်မံ တိုက်တွန်း တောင်းဆို လိုက်ကြောင်း သိရသည်။
•    အမျိုးသားညီညွတ်ရေးအစိုးရ၏ NUG pay ဟာ အခက်အခဲများရှိသော်လည်း တစ်နှစ်တာကာလအတွင်း NUG Pay သုံးစွဲသူ ၂၈,၀၀၀ကျော်ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနရဲ့ တစ်နှစ်စာ အစီရင်ခံစာမှာဖော်ပြထားသည်။
တော်လှန်ရေး လှုပ်ရှားမှုများ
•    စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာချုပ် (နမခ) မှ ထွက်လာသော စစ်ကောင်စီရေယာဉ် တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း Brave Heart Army (BHA) တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။
•    စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှ ကျေးရွာနှစ်ရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုတွင် ယနေ့ဇွန်လ၂၈ ရက် ညနေအထိ သေဆုံးသူ ၁၀ ဦးရှိပြီဟု ဒေသတွင်း သတင်းရင်းမြစ်များက မဇ္စျိမကို ပြောသည်။
•    စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်တပ် ဘက်မှ သေဆုံးထိခိုက်မှုရှိနိုင်ကြောင်း GTR MMU တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
•    စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့ပေါ်ရှိ မီးသတ်စခန်းနှင့်အနီးပတ်ဝန်းကျင်ကျေးရွာများကို တိုက်လေယာဉ် ဖြင့်ဗုံးကျဲတိုက်ခိုက်ခဲ့ရာ မီးသတ်ရုံး ပြိုကျပြီး စစ်အရာရှိ တစ်ဦးအပါအဝင် အများအပြားဒဏ်ရာရရှိကြောင်း သိရသည်။
•    ယင်းမာပင်မြို့နယ်တွင် သွေးမအေးတဲ့ ရွှေနွယ်သွေး သပိတ် စစ်ကြောင်း ဦးဆောင်ကာ စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
•    စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် ၊ ကံကြီးကုန်းပျုစောထီးကျေးရွာသို့ ရိက္ခာ နှင့် လက်နက်ခဲယမ်းလာပို့သည့် စစ်တပ်ကုန်တင်ရေယာဉ် ၃ စီးကို တိုက်ခိုက်ရာ ရေယာဉ် ၁ စီး နစ်မြုပ်ပြီး စစ်သား ၅ ဦးသေဆုံးကြောင်း သိရသည်။
•    စစ်ကိုင်းမြို့နယ်၊ စမွန်းရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး စစ်ဘေးရှောင်ကား ၁ စီးကို ပစ်ခတ်ခဲ့သောကြောင့် ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း ဒေသခံများကပြောသည်။
•    မိုင်းခွဲဖျက်ဆီးခံလိုက်ရသည့် ရန်ကုန်- မော်လမြိုင် ကားလမ်းမပေါ်မှ ကျုံအိတ်တံတားပျက်စီးမှုအား လာရောက်စစ်ဆေးသည့် စစ်ကောင်စီ၏ ဌာနဆိုင်ရာဝန်ထမ်းများသည် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံရပြီး နှစ်ဦးသေဆုံးကာ ငါးဦးထက်မနည်းဒဏ်ရာရသွားကြောင်း သတင်းရရှိသည်။
•    စစ်ကောင်စီအားဘဏ္ဍာရေးအကြံပေးနေသော ပြည်တွင်းပုဂ္ဂလိကဘဏ်ထိပ်တန်းအရာရှိ လေးဦးအနေဖြင့် စစ်ကောင်စီနှင့် ပူးပေါင်းနေမှုကို ရပ်တန့်ရန် Shadowless(အရိပ်မဲ့) အဖွဲ့က သတိပေးချက်ထုတ်ပြန်သည်။
•    မကွေးတိုင်း၊ ပေါက်မြို့နယ်၊ သစ်ချိုကုန်းရွာ အနီး ကင်းလှည့်နေသည့် ပျူစောထီးများကို ပစ်ခတ် တိုက်ခိုက်ရာ ၃ ဦးသေဆုံးခဲ့ကြောင်း ပေါက်တောင်ပိုင်း ကျီးကန်းအဖွဲ့ ပ က.ဖ မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
•    ရန်ကုန်မြို့ရှိ တံတားတစ်ခုပေါ်တွင် ယနေ့ ဇွန်လ ၂၉ ရက်နေ့၌ Kyimyindaing Networks (KMD18) နှင့် Mayangone Democratic Front (MDF) တော်လှန်ရေး အင်အားစုများပူးပေါင်းကာ "ငါတို့ အလှည့်လာပြီ" စာတန်း ချိတ်ဆွဲပြီး တော်လှန်ရေး တိုက်စစ် အရှိန်မြင့်လှုံ့ဆော်မှု နှင့် အကြမ်းဖက်စစ်တပ် ဆန့်ကျင်ရေး အာဏာဖီဆန် တော်လှန်ပုန်ကန် လှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
•    မန္တလေး LGBT သပိတ်ခေါင်းဆောင် ကိုဂျက်စတင်မင်းဟိန်းကို စစ်ကောင်စီက ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ကြောင်း LGBT အရေး တက်ကြွလှုပ်ရှားသူ စောဟန်နွေဦးက ပြောသည်။
တိုင်းရင်းသား လက်နက်ကိုင်များ
•    စစ်ကောင်စီ၏ အမျိုးသား စည်းလုံး ညီညွတ်ရေး နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ NSPNC နှင့် EAO (၅)ဖွဲ့၏ (၃)ရက်ကြာ ဆွေးနွေးပွဲအတွင်းမှ ငြိမ်းချမ်းရေးညီလာခံ ကျင်းပရန်အပါအဝင် သဘောတူညီမှုများရရှိခဲ့ကြောင်း သိရသည်။
•    ကောက်ယူရရှိထားသည့် စာရင်းများအရ KNDF သို့ လက်နက်ချအလင်းဝင်သည့် စစ်သား ဦးရေ ၅၀ နီးပါးရှိပြီး မယ်စဲ့မြို့နယ် BP-13 မှ အလင်းဝင်လာသည့် စစ်သားဦး‌ရေကိုမူ အတည်မပြုနိုင်သေးကြောင်း KNDF သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။
စစ်ကောင်စီ
•    ဧရာဝတီတိုင်း၊ ဟင်္သာတမြို့တွင် ဇွန်လ ၂၇ ရက်နေ့ ညပိုင်းက ရဲတပ်ဖွဲ့ဝင်အချင်းချင်း စကား များရန်ဖြစ်ရာမှ ပစ်ခတ်မှုဖြစ်ပွားပြီး ရဲတဦးသေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
•    ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ကုရ်ဘာနီအီးဒ်နေ့ ကျင်း ပနေစဉ် စစ်တပ်၊ရဲ၊ စည် ပင်နှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူး ပူး ပေါင်း အဖွဲ့က အီးဒ်နေ့ အတွက် စီစဉ်ထားသော ဆိတ်နှင့်နွားများကို ဝင်ရောက် ဖမ်း ဆီးသွား ကြောင်း ဒေသနေပြည်သူတစ် ဦး၏ပြောဆိုချက်ကို ကိုးကား၍ ရန်ကုန်ခေတ်သစ် သတင်း ဌာန တွင်ဖော်ပြထားသည်။
•    မွန်ပြည်နယ်၊ သထုံမြို့နယ်နှင့် ဘီးလင်းအကြား မိုင်းခွဲခံရသည့် ကျုံအိတ် တံတား ကို ပိတ်ဆို့ စစ်ဆေး မှုများလုပ်ဆောင်နေသည့် စစ်တပ်နှင့်ဌာနဆိုင်ရာ အဖွဲ့ကို ပစ်ခတ်တိုက်ခိုက်မှုတစ်ရပ်ဖြစ်ပွားပြီး သထုံခရိုင်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး‌ ဦးဇော်မင်း သေဆုံးကြောင်းစစ်ကောင်စီ မီဒီယာများတွင် ဖော်ပြထားသည်။
•    ရုရှားနိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း "ROSATOM" နှင့် အကြမ်းဖက်စစ်ကောင်စီ သိပ္ပံနှင့်နည်း ပညာဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော သိပ္ပံပွဲတော် ၂၀၂၃ ဖွင့်ပွဲအခမ်းအနားကို ဇွန် ၂၈ ရက် နံနက်ပိုင်းတွင် ရန်ကုန်နည်းပညာတက္ကသိုလ်၌ကျင်းပခဲ့သည်။
•    မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့မှ စစ်ကောင်စီ သံအမတ်ကြီး ဦးစိုးလင်းဟန် သည် ဇွန် ၂၆ ရက်တွင် အာဆီယံ-ဘရပ်ဆဲလ်ကော်မတီ၏ သံအမတ်ကြီးများအစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး ဇူလိုင်လမှ ဒီဇင်ဘာလအထိ ကော်မတီ၏ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို လက်ရှိအလှည့်ကျ ဥက္ကဋ္ဌဖြစ်သော အင်ဒိုနီးရှားသံအမတ်ကြီး H.E. Mr. Andri Hadi ထံမှ လွှဲပြောင်းလက်ခံ ကြောင်း သိရသည်။
ဇွန် ၂၉ ရက် သုံးသပ်ချက်
•    အမျိုးသားရေးအစွန်းရောက် အခြေခံအကြမ်းဖက်စစ်တပ်သည် အစ်ဆလမ်ဘာသာဝင်များ၏  ကုရ်ဘာနီအီးဒ်နေ့ ကျင်းပစဉ် ဝင်ရောက်ဖမ်းဆီးခြင်းဖြင့် ဘာသာရေး အဓိကရုန်း ဖြစ်လာရန် ရန်စနေ ခြင်းဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ လုပ်ရပ်များကို သတိထား စောင့်ကြည့်ရန်လိုသည်။
•    အကြမ်းဖက်စစ်ကောင်စီတပ်များသည် ရန်ကုန် မော်လမြိုင် ကားလမ်းမကြီးတွင် တိုက်ခိုက်ခံရပြီး အထိနာသွားသည့်အတွက် ၎င်းတို့၏ လုပ်ရပ်များအတိုင်း အနီးအနားရွာများကို ဖျက်ဆီးလာနိုင်လာသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly