ချောင်းဦး ကံကြီးကုန်းပျူရွာသို့ ရိက္ခာလာပို့သည့်ရေယာဉ်တန်းတိုက်ခိုက်ခံရပြီး မော်တော်နစ်မြုပ်၊ စစ်ကောင်စီတပ်သား ၅ ဦးသေ

By ပါခွီး (မဇ္စျိမ)
29 June 2023
ချောင်းဦး ကံကြီးကုန်းပျူရွာသို့ ရိက္ခာလာပို့သည့်ရေယာဉ်တန်းတိုက်ခိုက်ခံရပြီး မော်တော်နစ်မြုပ်၊ စစ်ကောင်စီတပ်သား ၅ ဦးသေ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ကံကြီးကုန်း ပျူစောထီးကျေးရွာသို့ ရိက္ခာနှင့် ခဲယမ်းပို့ဆောင် မည့် စစ်ကောင်စီမော်တော်သုံးစီးကို တိုက်ခိုက်ခဲ့ရာ မော်တော်(ရေယာဉ်)တစီးနစ်မြှုပ်ပြီး တပ်သားငါးဦး သေဆုံးကြောင်း မုံရွာခရိုင် အမှတ်(၁၂)တပ်ရင်း တပ်ခွဲ(၃) လျှပ်စီးတပ်ခွဲမှ ဇွန်လ ၂၉ ရက်နေ့တွင် ထုတ် ပြန်သည်။

မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ရိက္ခာနှင့်ခဲယမ်းများတင်ဆောင်ပြီး ချောင်းဦးမြို့နယ်၊ ကံကြီး ကုန်းကျေးရွာရှိ စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများထံ ထွက်ခွာလာသည့်မော်တော်များကို ဇွန်လ ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

“ကျနော်တို့က ရှေ့ထွက်မိုင်းရယ်၊ လက်နက်လက်ငယ်တွေနဲ့ တိုက်ခိုက်ခဲ့တာ။ ငါးယောက်ကတော့ လဲကျ ပြီး သေတာတွေ့ရတယ်။ ဒဏ်ရာရတဲ့သူတွေလည်း ရှိတယ်။ နစ်သွားတဲ့မော်တော်ကတော့ အခုထိ ပြန် မဆယ်နိုင်သေးဘူး”  ဟု တပ်ခွဲ(၃) လျှပ်စီးတပ်ခွဲမှ ဗိုလ်မိုးကြိုးက မဇ္စျိမကိုပြောသည်။
အဆိုပါတိုက်ပွဲတွင် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ရှေ့ထွက်မိုင်းကိုးလုံးဖြင့်စတင်တိုက်ခိုက်ခဲ့ပြီး မိနစ် ၃၀ ခန့် လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်းဆိုသည်။

စစ်ကောင်စီတပ်မှလည်း ၆၀ မမ၊ စက်လတ်၊ လက်နက်ငယ်များဖြစ် ပြန်လည်ပစ်ခတ်ရာ အနီးနားရှိ ကျေးရွာများသို့ကျရောက်ပေါက်ကွဲပြီး သိုးနှင့် ဆိတ် ခုနစ်ကောင်သေဆုံးခဲ့ရကြောင်း သိရသည်။
ကာကွယ်ရေးတပ်ဖွဲ့များမှ ပစ်ခတ်သောရှေ့ထွက်မိုင်းများထိမှန်၍ စစ်ကောင်စီတပ်သားများ လိုက်ပါလာ သည့် မော်တော်များအနက်တစီးမှာ ဆင်ဖြူရှင်တံတားအနီးတွင် နစ်မြုပ်သွားခဲ့ကြောင်း ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ သေဆုံးမှုနှင့် မော်တော်နစ်မြုပ်မှုအခြေအနေကို မဇ္စျိမအနေဖြင့် ဒေသခံများထံမှ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ချင်းတွင်းမြစ်ကြောင်းအတွင်းတိုက်ပွဲကို မုံရွာခရိုင်တပ်ရင်း အမှတ်(၁၂) တပ်ခွဲ(၃) လျှပ်စီးတပ်ခွဲ၊ မုံရွာ ခရိုင် တပ်ရင်း အမှတ် (၁၂) ငမိုးရိပ် စစ်ကောင်း နှင့် မုံရွာခရိုင် တပ်ရင်း အမှတ်(၁၂)၊ တပ်ခွဲ(၄) မီးတောက် တပ်ခွဲနှင့် ရန်ရှင်းဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း ။။ Alden
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly