ကြံ့ခိုင်ရေးပါတီနှင့် အပြန်အလှန်အမှုဖွင့်ပြီးနောက် မိုက်ကယ်ကျော်မြင့် လူမြင်ကွင်းမှ ပျောက်ကွယ်

By ကီရာ (မဇ္ဈိမ)
29 June 2023
ကြံ့ခိုင်ရေးပါတီနှင့် အပြန်အလှန်အမှုဖွင့်ပြီးနောက် မိုက်ကယ်ကျော်မြင့် လူမြင်ကွင်းမှ ပျောက်ကွယ်
ဓာတ်ပုံ- မိုက်ကယ်ကျော်မြင့် သတင်းစာရှင်းလင်းပွဲလုပ်စဉ်

အာဏာသိမ်းစစ်ကောင်စီ၏ မဟာမိတ်များဖြစ်ကြသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့်  လကျာ်စွန်းဝါဒီ မိုက်ကယ်ကျော်မြင့်တို့သည် အချင်းချင်းအပြန်အလှန် အမှုဖွင့်တိုင်ကြားထားမှုများသည် ပြီးခဲ့သည့်  ဧပြီလမှ စတင်ဖြစ်ပွားခဲ့ကြခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံနှင့်မလေးရှားနိုင်ငံသို့ လုပ်သားပို့ဆောင်မှုလုပ်သော Star High နှင့် 7 Star High ကုမ္ပဏီတို့တွင် ကြံ့ခိုင်ရေးဥက္ကဋ္ဌ ဦးခင်ရီ၏ တူမနှင့် မြေးကိုယ်တိုင်ပါဝင်နေကြောင်း မိုက်ကယ်ကျော်မြင့်က ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲလုပ်ခြင်းနှင့် " ဥက္ကဋ္ဌကြီး လောင်ကြီး" ဟု ၎င်း၏ လူမှုကွန်ရက်မှ တစ်ဆင့် ပြောဆိုမှုများကြောင့်  ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးခင်ရီက ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)ဖြင့် နေရာ သုံးနေရာတွင် မိုက်ကယ်ကျော်မြင့်အား အမှုဖွင့်ထားခြင်း ဖြစ်သည်။

ထို့အပြင် မိုက်ကယ်ကျော်မြင့်မှလည်း ပါတီမှတ်ပုံတင်ထားသောအဆင့်တွင် တရားဝင်နိုင်ငံရေးပါတီအဖြစ် လိမ်လည်ပြောဆိုသည်ဟုဆိုကာ ကြံ့ခိုင်ရေးပါတီ၏ ဥက္ကဋ္ဌဦးခင်ရီနှင့် ဗဟိုကော်မတီအဖွဲ့ဝင်များအား အမှုဖွင့်ဆောင်ရွက်ပေးရန် နေပြည်တော် ဒဏ္ခိဏသီရိမြို့မရဲစခန်းသို့ ပေးပို့တိုင်ကြားခဲ့ကြောင်း သိရသည်။

သို့သော် မေလ ပထမပတ်ကျော်မှ စတင်၍ မိုက်ကယ်ကျော်မြင့်သည် လူမှုကွန်ရက်မှ ပျောက်ကွယ်သွားခဲ့ပြီး လက်ရှိ ၎င်း၏ ပြည်သူအကျိုးပြုကျောင်းသားများပါတီတွင် တွဲဘက်ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူ ငါးမင်းဆွေမှ 

“ ပြည်ခိုင်ဖြိုးပါတီက သူ့(မိုက်ကယ်ကျော်မြင့်)ကို ၆၆ (ဃ) နဲ့ ရဲစခန်းသုံးခုမှာ တရားစွဲထားပါတယ် ၊ ရဲလုပ်ငန်းတွေပြီးရင် တရားရုံးမှာ အမှုရင်ဆိုင်ရမယ်လို့ သူပြောပါတယ်၊ တစ်မှုကို နှစ်နှစ် ကျနိုင်တာမို့ သုံးမှုဆိုတော့ ခြောက်နှစ် ကျနိုင်ပါတယ်၊ မြန်မာနိုင်ငံရေးလောကမှာ မေတ္တာတွေ ခန်းခြောက်ကုန်ပြီလား ၊ ရင်လေးစရာပါ”ဟု ၎င်း၏ လူမှုကွန်ရက်တွင် မေလ ၁၉ရက်က ရေးသားထားခဲ့သည်ကိုလည်း တွေ့ခဲ့ရသည်။ 

အဆိုပါ အစောပိုင်းကာလများတွင် မိုက်ကယ်ကျော်မြင့်၏ ဒုတိယဇနီးတစ်ဖြစ်လဲ ၎င်းပါတီ၏ တွဲဖက်အတွင်းရေးမှူးတာဝန်ယူထားသူ ဒေါ်မိုးမိုးခိုင်သည် ၎င်း၏ လူမှုကွန်ရက်တွင် အလှပုံများ ဆက်လက်တင်ခြင်းများနှင့် မင်္ဂလာနံနက်ခင်းပါ ဟူသော စာသားများနှင့် စစ်အာဏာရှင်အား အမွှန်းတင်စာများ ရေးသားခြင်းများကို နေ့စဉ်ပြုလုပ်လျက်ရှိသော်လည်း လတ်တလောတွင် သူ၏ အကောင့်များဖြစ်သည့် July Moe ၊ မိုးမိုးခိုင် ၊ တော်ဝင်ဘုရင်မ အစရှိသည့် ၎င်း၏ လူမှုကွန်ရက် အကောင့်များကို ဆက်လက်အသုံးပြုခြင်းမရှိတော့ဘဲ ၎င်းကိုယ်တိုင်လည်း လူမြင်ကွင်းမှ ပျောက်ကွယ်နေသည်ကို တွေ့ရသည်။ 

 ထို့အပြင် မိုက်ကယ်ကျော်မြင့်သည် တရားရုံး ရမန်ဖြင့် နေပြည်တော် အချုပ်ထောင်ထဲ ရောက်နေကြောင်း လွန်ခဲ့သည့် တစ်ပတ်က အမျိုးသားရေးလော်ဘီတစ်ဦးက ပြောဆိုထားသည်ကို တွေ့ရှိရထားသော်လည်း မဇျွီမမှ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ 

အရပ်သားအစိုးရလက်ထက်တွင် မိုက်ကယ်ကျော်မြင့်သည် အစ္စလာမ်ဘာသာဝင်များကို ပစ်မှတ်ထား၍ ဘာသာရေးအကြောင်းပြ ဆူပူမှုကြောင့် ထောင်ဒဏ်ကျခံဖူးသူတစ်ဦးဖြစ်ပြီး စစ်ခေါင်းဆောင်မင်းအောင်လှိုင်အတွက် တိုင်းပြုပြည်ပြုကျောက်တိုင် တည်ထောင်ပေးအပ်မည်ဟု ကြွေးကြော်ခဲ့သူတစ်ဦးလည်းဖြစ်သည်။

စစ်ဗိုလ်ဟောင်းများဦးဆောင်သော ကြံ့ခိုင်ရေးပါတီမှာလည်း စစ်အာဏာသိမ်းမှုကို ထောက်ခံသောပါတီဖြစ်ပြီး စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ညွှန်ကြားမှုဖြင့် ဦးဆောင်သူများ အပြောင်းအလဲလုပ်ခဲ့သော ပါတီဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required