ဖိလစ်ပိုင်က တရုတ်၏ ပစ်မှတ် ဖြစ်နိုင်ဟု တရုတ်သံအမတ်ကြီးကို ကိုးကားပြီး သမ္မတဟောင်း ဒူတာတေး ပြော

ဖိလစ်ပိုင်က တရုတ်၏ ပစ်မှတ် ဖြစ်နိုင်ဟု တရုတ်သံအမတ်ကြီးကို ကိုးကားပြီး သမ္မတဟောင်း ဒူတာတေး ပြော

ဖိလစ်ပိုင်နိုင်ငံသည် တရုတ်၏ လုံခြုံရေးကို ခြိမ်းခြောက်နိုင်သူများအား နေရာပေးခြင်းဖြင့် ဖိလစ်ပိုင်ကို တရုတ်က ပစ်မှတ်ထားနိုင်ကြောင်း တရုတ်သံအမတ်ကြီး ဟောင်ရှီလျန်က ပြောဖူးကြောင်း သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးက ပြောသည်။

ဟောင်နှင့် ပုံမှန်တွေ့ဆုံမှု ရှိဖူးသူ ဒူတာတေးက SMNI ရုပ်သံဌာန၏ အစီအစဉ်တစ်ရပ်တွင် တနင်္လာနေ့က ထုတ်ဖော်ပြောဆိုလာခြင်းပဲ ဖြစ်သည်။

“သူ့ကို (ဟောင်ရှီလျန်) ကျွန်တော်က သတိပေးဖူးပါတယ်၊ ဖိလစ်ပိုင်ဟာ တရုတ်နဲ့ အချင်းမများလိုဘူးဆိုတာကို”ဟု ဒူတာတေးက ပြန်ပြောင်းပြောဆိုသည်။ “ဒါပေမဲ့ သူ့အဖြေကတော့ ‘တကယ်လို့ ဖိလစ်ပိုင်က တရုတ်အပေါ် ရန်လိုမှု ပြုနိုင်အောင် နေရာပေးမယ်ဆိုရင်တော့ ဖိလစ်ပိုင်ဟာ အမြဲတမ်း ပစ်မှတ်ဖြစ်လိမ့်မယ်’ ဆိုပြီး သူက ပြန်ပြောတာ ဖြစ်တယ်”ဟု ဒူတာတေးက ဆိုသည်။

ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး သဘောတူညီချက် (Edca) ကို သံအမတ်ကြီး ဟောင်ရှီလျန်က စောင်းပါးရိပ်ခြည် ပြောဆိုခြင်းပဲ ဖြစ်သည်။ Edca သဘောတူညီချက်အရ ဖိလစ်ပိုင်စစ်စခန်းများ တစ်လျှောက်တွင် အမေရိကန်တပ်များ လှည့်လည်နိုင်ပြီး စစ်ပစ္စည်းအထောက်အပံ့များလည်း သိမ်းဆည်းထားနိုင်ခြင်း ဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံအနှံ့တွင် ဖြစ်နိုင်ခြေရှိသော Edca နေရာပေါင်း လက်ရှိ၌ ၁၇ ခုအထိ ရှိနိုင်ပြီး အမေရိကန်အနေဖြင့် အဆိုပါ နေရာများတွင် “နျူကလီးယားထိပ်ဖူးများ” ထားရှိနိုင်ကြောင်း ဒူတာတေးက သတိပေးပြောဆိုသည်။

“အမေရိကန်ကို အခြေစိုက်မှု ခွင့်ပြုတာကြောင့် ကျွန်တော်တို့ ကျိန်းသေပြောနိုင်တယ်၊ ကျွန်တော်အနေနဲ့ အရှေ့က နေထွက်ပါတယ်ဆိုပြီး ပြောသလို ကျိန်းသေတယ်၊ အခုဆိုရင် ၁၇ နေရာအထိ ရှိနေပြီဖြစ်တဲ့ ဒီနေရာမှာ အမေရိကန်ဟာ နျူကလီးယားထိပ်ဖူးတွေ ထားလာလိမ့်မယ်”ဟု ၎င်းက ပြောသည်။

ဒူတာတေး၏ ပြောဆိုချက်နှင့် ဆန့်ကျင်ဘက်အဖြစ် အစိုးရက Edca နေရာပေါင်း ကိုးခုသာ ရှိကြောင်း တရားဝင်ထုတ်ပြန်ထားသည်။

Edca နေရာသစ် သုံးနေရာသည် တရုတ်က ၎င်း၏ ခွဲထွက်ပြည်နယ်အဖြစ် သတ်မှတ်ကာ ပြန်သိမ်းယူမည်ဟု ခြိမ်းခြောက်ထားသော ထိုင်ဝမ်၏ အနီးတွင် ရှိသည်။

အဆိုပါ Edca နေရာသစ်များနှင့် ပတ်သက်ပြီး ထိုင်ဝမ်ကိစ္စရပ်၌ ကြားဝင်ရန် အမေရိကန်က ဖိလစ်ပိုင်ကို ထည့်သွင်းလာနိုင်သည်ဟု ပြောဆိုလျက် တရုတ်သံအမတ်ကြီးက မေးခွန်းထုတ်ခဲ့ကြောင်းလည်း သိရသည်။

Edca သည် အပြန်အလှန် ကာကွယ်ရေးသဘောတူညီချက်အရ အမေရိကန်ဆီ ဖိလစ်ပိုင်နိုင်ငံက ပေးအပ်သည့် အခွင့်အရေး၏ တစ်စိတ်တစ်ပိုင်းပဲ ဖြစ်သည်။

၁၉၅၁ ဩဂုတ် ၃၀ ရက်က နှစ်နိုင်ငံကြား ချုပ်ဆိုသည့် ပဋိညာဉ်တွင် တစ်နိုင်ငံကို ပြင်ပအုပ်စုက တိုက်ခိုက်လာပါက အချင်းချင်း ထောက်ပံ့မှု ပေးသွားရေးကို ဖော်ပြထားခြင်း ဖြစ်သည်။

(မိုးသဲ ဘာသာပြန်သည်။)

https://globalnation.inquirer.net/216123/ph-may-be-a-target-says-ex-pres...

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly