အိန္ဒိယက ဗီယက်နမ်ကို စစ်သင်္ဘော လက်ဆောင်ပေးအပ်

By ရိုက်တာ
29 June 2023
အိန္ဒိယက ဗီယက်နမ်ကို စစ်သင်္ဘော လက်ဆောင်ပေးအပ်
Photo-AFP

အိန္ဒိယသည် ပထမဆုံးအကြိမ်အဖြစ် ၎င်းတို့ရေတပ်၌ အသုံးပြုနေသည့် ဒုံးကျည်တပ် ကော်ဗက် စစ်သင်္ဘောတစ်စင်းကို ဗီယက်နမ်သို့ လက်ဆောင်အဖြစ် ပေးအပ်ကြောင်း သိရသည်။ အိန္ဒိယ၏ အဆိုပါ လက်ဆောင်ပေးအပ်သော စစ်သင်္ဘောသည် ဇွန်လ ၂၈ ရက်တွင် ဗီယက်နမ်သို့ ဦးတည်ထွက်ခွာခဲ့သည်။

ပြည်တွင်း၌ပင် တည်ဆောက်သည့် ကော်ဗက် INS Kirpan စစ်သင်္ဘောသည် ဇွန်လ ၂၈ ရက်က အိန္ဒိယ၏ အရှေ့ဘက်ကမ်းရိုးတန်းမှ ထွက်ခွာသွားကြောင်း အိန္ဒိယရေတပ်က ပြောသည်။

အိန္ဒိယနှင့် ဗီယက်နမ်တို့သည် မကြာသေးသည့် နှစ်များအတွင်း ဆက်ဆံရေး တိုးမြှင့်ထားခဲ့ပြီး အထူးသဖြင့် ကာကွယ်ရေးပိုင်းတွင် အထူးအာရုံစိုက်ကာ အဆိုပါ နှစ်နိုင်ငံစလုံးသည် ပို၍ ပို၍ မိမိကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲလာနေသော တရုတ်နှင့်ပတ်သက်၍ စိုးရိမ်ပူပန်လျက်ရှိသည်။

အိန္ဒိယသည် ယခင်ကလည်း မော်လ်ဒိုက်နှင့် မောရစ်သျှကဲ့သို့ နိုင်ငံများထံ အရွယ်အစားသေး သင်္ဘောများနှင့် စစ်ဘက်ပစ္စည်းများ ပေးအပ်ခဲ့ဖူးသလို မြန်မာကိုလည်း ရေငုပ်သင်္ဘောတစ်စင်း ပေးခဲ့သည်။

သို့သော် ယခု ဗီယက်နမ်အတွက် ကော်ဗက် စစ်သင်္ဘော ပေးအပ်ခြင်းက နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေသည့် တောင်တရုတ်ပင်လယ်၌ ကမ်းရိုးတန်းတစ်ခုရှိသည့် တရုတ်၏ အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံထံ အိန္ဒိယက ပထမဆုံးအကြိမ်အဖြစ် စစ်သင်္ဘောတစ်စင်း ပေးအပ်ခြင်းလည်း ဖြစ်သည်။

တရုတ်သည် နှစ်များကြာတိုင် တောင်တရုတ်ပင်လယ်တစ်ခုလုံးနှင့်ပတ်သက်ပြီး အချုပ်အခြာအာဏာပိုင်ကြောင်း တောင်းဆိုပြောကြားထားသလို ထိုဒေသ၌ အခြားစစ်တပ်များ ရှိနေမှုအပေါ် ဆတ်ဆတ်ထိ မခံ ဖြစ်ထားခဲ့သည်။

ယခု Kirpan စစ်သင်္ဘော လွှဲပြောင်းပေးအပ်မှုက စိတ်တူသဘောတူ ပါတနာနိုင်ငံများအား ၎င်းတို့၏ လုပ်နိုင်စွမ်းနှင့် တတ်နိုင်စွမ်းကို မြှင့်တင်နိုင်ရေး ကူညီမည့် အိန္ဒိယ၏ ကတိကဝတ်ကို ထင်ဟပ်ပြသကြောင်း အိန္ဒိယရေတပ်က ပြောသည်။

“ဒါကတော့ အပြည့်အဝ အသုံးပြုနိုင်တဲ့ ကော်ဗက် စစ်ရေယာဉ်တစ်စင်းကို အိန္ဒိယဘက်က ပထမဆုံးအကြိမ်အဖြစ် မိတ်ဆွေနိုင်ငံခြားတိုင်းပြည်တစ်ခုကို လက်ဆောင်ပေးတာ ဖြစ်ပါတယ်”

ဗီယက်နမ်ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ဖန်ဗန်ဂျီအန်း ယခုလအစောပိုင်းက အိန္ဒိယသို့ အလည်အပတ်ရောက်ရှိခဲ့ချိန် အဆိုပါ လက်ဆောင်ကို ကြေညာခဲ့ခြင်းဖြစ်သည်။

ထိုစစ်သင်္ဘောသည် ၁၉၉၁ ခုနှစ်၌ အိန္ဒိယရေတပ်တွင် တပ်တော်ဝင်ခဲ့ပြီး ယင်းကို နိုင်ငံအတွင်း ဒီဇိုင်းရေးဆွဲ ထုတ်လုပ်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

In a first, India gifts active warship to Vietnam
https://www.reuters.com/business/aerospace-defense/first-india-gifts-act...

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly